Thursday, November 7, 2013

“ပန်းပင်လေးတွေ စိုက်ကြရအောင်”အပိုင်း ( ၂ ) အရှင်သာသန (စာချဆရာတော်) သာသနဓဇဓမ္မာစရိယ




“ပန်းပင်လေးတွေ စိုက်ကြရအောင်အပိုင်း ( ၂ )

   ဒီနေ့ ဟာ ကလေးငယ်များကို ကျောင်းလာပို့ပေးဖို့ အရင် ၂ ရက်လောက်ကပြောလိုက်တာမို့ ရဟန်းဒါယကာ နဲ့ ရဟန်းဒါယိကာမ ၂ ဦးလုံး ကလေးငယ် ၂ ယောက်ကို လက်မှာဆွဲကာ ကျောင်းရောက်လာပြီး သူတို့ရဲ့ သားသမီးများကို ယဉ်ကျေးအောင် နှလုံးသားလှအောင် ပညာပြည့်ဝအောင် သင်ကြားပေးဖို့ မိမိအထံလာအပ်ပါတယ်။
“ဦးဇင်းလည်း ကိုရင်တွေကို စာသင်နေတာ အားရဲ့လား ဘယ်အတန်းတွေသင်နေတာလဲဘုရား”။ ရဟန်းဒါယကာက သူတို့ရောက်နေတာကို သိစေလို၍ ထင်ပါတယ် အပေါက်အဝင်ဝကနေ ကိုရင်များအား စာသင်ပေးနေတဲ့
မိမိကို မေးလိုက်ပါတယ်။

“ ဦးဇင်းတို့ကျောင်းက စာသင်တိုက်ဆိုတော့ အစိုးရ ပထမပြန် ငယ်၊လတ်၊ကြီး၊ဓမ္မာစရိယ အကုန်ရှိပါတယ်။ အခု ဦးဇင်းက မြန်မာပြည် ခဏ ပြန်ရောက်တာဆိုတော့ မပြီးသေးတဲ့ ငယ်၊လတ်၊ကြီး နောက်ပိုင်း စာဝါတွေ ပို့ချပေးနေတာပါ။ ဓမ္မစရိယအတန်းက မြို့က နာမည်ကြီး စာသင်တိုက်တွေမှာ ပို့ထားတယ်။ဒီမှာတော့ ၂ ကျမ်းစွဲ၊၁ ကျမ်းစွဲတွေ ရှိတယ်။ ကိုယ်တိုင် သင်ယူ ကိုယ်တိုင်ပဲလေ့လာ စာမေးပွဲဖြေကြပါတယ်”။
“ဒါနဲ့ အရှင်ဘုရားရော အားလပ်ချိန် ရှိပါ့မလား တပည့်တော် ကလေးတွေ စာသင်ချိန်ရော ရပါ့မလားဘုရား” ရဟန်းဒါယိကာမ ကနေ မေးပြန်ပါတယ်။

 “အချိန်ကို ရအောင် ယူတတ်ရမှာပေါ့ ဒီကလေးတွေကလည်း အနာဂါတ်အတွက် သာသနာတော်ကို ထောက်ပံ့တဲ့ အမျိုးကောင်းသား အမျိုးကောင်းသမီးလေးတွေ ဖြစ်လာမှာ သူတို့လေးတွေ အားပေးမှ အနာဂါတ် ဗုဒ္ဓသာသနာတော်ကို တိုးတက်အောင် ပြန့်ပွားအောင် ဆောင်ရွက်ရာမှာ လွယ်ကူပါမယ်။ သူတို့လေးတွေ ပညာလည်းရှိ နှလုံးသား အလှလည်းရှိပါမှ မိဘအတွက်ရော သူတို့အတွက်ရော အနာဂါတ်မြန်မာပြည်အတွက်ရော စိတ်ချမ်းမြေ့ပြီး ပျော်ရွှင်စရာကောင်းတဲ့
 လာကအသိုင်းအဝိုင်းလေးတစ်ခုဖြစ်လာမယ်”။ ဟု မိမိကပြောရင်း ပြီးခါနီး ကိုရင်များရဲ့ စာဝါကို ရပ်နားလိုက်ပါတယ်။ ကိုရင်များ စာဝါဆင်းသွားတဲ့ အခါမှ 

“ကဲ ရဟန်းဒါယကာကြီး ရဟန်းဒါယိကာမကြီးရော လာပါ ထိုင်ပါဦး ကလေးငယ် ၂ ယောက်ရော ခေါ်ခဲ့လိုက်လေ ဟုမိမိက ဖိတ်ခေါ်လိုက်ပါတယ်”။ ဒါနဲ့ အရှင်ဘုရား ဗုဒ္ဓလက်ထက်က မိဘတွေ မိမိ သား သမီးလေးတွေကို ကျောင်းကန်ပို့တာရှိသလား။ သူတို့ ရဲ့ သားသမီးတွေကို ဘယ်လို နှလုံးသား အာဟာရကျွေးခဲ့သလဲ ပညာတွေ ဘယ်လိုပေးခဲ့ကြသလဲဘုရား ရဟန်းဒါယကာက သူသိချင်နေတဲ့မေးခွန်းကို မိမိအား မေးမြန်းပါတယ်။ ဗုဒ္ဓလက်ထက်က ဆိုရင် အဖိုးဖြစ်သူက မြေး ၂ ယောက်ကို တရားနာလာတဲ့ အခါတိုင်း ကျောင်းခေါ်လာတယ်။ နောက်တော့ ၂ ယောက်စလုံး ရဟန်းဝတ်လို့ ရဟန္တာဖြစ် သွားတယ် စူဠပန္ထက၊မဟာပန္ထက တဲ့ ။ မေဏ္ဍက သူဌေးကြီး ဟာ အသက် ၇ နှစ်သာရှိသေးတဲ့ သူ့ရဲ့ မြေးမလေးကို သူတို့ မြို့ကို အလည်ရောက်လာတဲ့ ဗုဒ္ဓကို သွားရောက်ကြိုဆိုခိုင်းခဲ့တယ်။ ကြိုဆိုတဲ့မြေးမလေးဟာ သူနဲ့အတူပါလာတဲ့ အဖော်မိန်းကလေး ၅၀၀ တို့နဲ့အတူ သောတာပန် ဆိုတဲ့ အသိဉာဏ်ထူးရ ဘဝအတွက် အပါယ်တံခါးပိတ်လို့ ချမ်းသာပါတယ်။ဇေတဝန်ကျောင်း
ဒါယကာကြီး အနာထပိဏ် ဆိုတာ ဦးဇင်းတို့ ဗုဒ္ဓဘာသာဝင်တွေ အသိများပါတယ်။အနာထပိဏ်ကြီးက သူ့သားရဲ့ အနာဂါတ်ကို စိတ်ချရဖို့ အသပြာ တစ်ရာ ပေးမယ် ကျောင်းသွားပါ လို့ပြောတယ်။ သားကလည်း သွားတယ်။ ကျောင်းထဲ တစ်နေရာမှာ အိပ်ပြီး အိမ်ပြန်လာတယ်။ နောက်တစ်ခါ ဖခင်က တရားတစ်ပုဒ်မှတ်မိအောင် နာခဲ့ပါ အသပြာ တစ်ထောင်ပေးပါမယ်လို့
 ပြောတော့ ကျောင်းသွား တရားနာယူ သောတာပန် ဖြစ်သွားတယ်။ ဗုဒ္ဓ အပါအဝင် ရဟန်းသံဃာတို့ ယာဂုကပ်ဖို့ အတူတူ အိမ်အပြန်မှာ ပင့်လာတော့ အိမ်ရောက် ဗုဒ္ဓရှေ့မှာ အသပြာ တစ်ထောင် အနာထပိဏ်သူဌေးကြီးက သူ့သားကိုပေးတာ မယူတော့ဘူး။ဒီမှာတင် ဗုဒ္ဓက အနာထပိဏ် သူဌေးကြီးရဲ့သားဟာ သောတာပန်ဖြစ်သွားတယ် ဆိုတာ မိန့်တော်မူတယ်။ဒီနေမှာ ဦးဇင်းတို့ သတိထားရမှာက အဖိုး အဖွားတွေ အဖေတွေ အမေတွေ အားလုံးက မိမိတို့ရဲ့ မြေးလေးတွေ သားသမီး ရင်သွေးလေးတွေ ပညာပြည့်ဝ နှလုံးလှဖို့ ပျိုးထောင်ရာမှာ အရေးကြီးတဲ့ နေရာမှာ ရှိပါတယ်။ အဖိုး အဖွား အဖေ အမေ တွေ ဆိုတာ မြေးတွေ သားသမီးတွေ နဲ့ အနီးကပ်ဆုံး အရင်းနှီးဆုံး အချိန်အများဆုံး အတူတူနေရတာ။ ကျောင်းဆရာ ဆရာတို့ ဦးဇင်း တို့ဆိုတာ အချိန်ပိုင်းလေး တာဝန်ယူရတာ ရင်းနှီးသူ အနီးကပ်နေရသူု အချိန်များများ နေသူရဲ့ စကားဟာ သူတို့အတွက် လမ်းညွှန်ပဲ အတုယူစရာပဲ ကျောင်းဆရာ ဆရာမ တို့ ဦးဇင်းတို့ဆိုတာ ကလေးအများကြီးကို တာဝန်ယူရတာ အဖိုးတွေ အဖွားတွေ အဖေတွေ အမေတွေ ဆိုတာ မိမိမွေးထားသလောက် တစ်ယောက်ဆို တစ်ယောက် နှစ်ယောက်ဆို နှစ်ယောက် တာဝန်ယူရတာ သူတို့ပြောစကား အပြုအမူ အဆုံးအမ တွေက ဆရာ ဆရာမ နဲ့ ဦးဇင်းတို့ပြောတာထက် ပိုထိရောက်ပါတယ်။ အနာဂါတ် မျိုးဆက်လေးတွေ ပျိုးထောင်ရာမှာ ဆရာ ဆရာမ နဲ့ ဦးဇင်း တို့နဲ့ ပဲ ပြစ်မထားပါနဲ့။ အဖိုးတွေ အဖွားတွေ အဖေတွေ အမေတွေ ကလဲ ဝိုင်းဝန်း ကူညီပါဦး။ မိမိပြောလို့ အပြီး ဒါဆိုရင် အရှင်ဘုရား  မအားလပ်သူတွေ စာဖတ်ဖို့ အချိန်မရှိသူတွေ 
 ပြောဖို့အချိန် မရသူတွေ ဝမ်းရေးအတွက် အားခဲနေရတဲ့မိဘတွေ အတွက်ဆိုရင်ရော ဖြစ်နိုင်ပါ့မလားဘုရား ဟု
ရဟန်းဒါယကာက သူ့ရဲ့ အမြင်ကို လျှောက်တင်ပါတယ်။ဖြစ်နိုင်ပါတယ်။ မိမိအိမ်မှာကြည့်စရာ အသံနားထောင်စရာ DVD MP 3    စတဲ့ ခေတ်ပေါ် player တစ်ခုတစ်ခု မဟုတ်တစ်ခုရှိမှာပါ။ ဒီplayer များကို အသုံးပြုပြီး တရားခွေတွေ၊ငြိမ့်ညောင်းတဲ့ ဂီတအသံ သီတင်းအသံ ကဗျာ တွေကို ဖွင့်ပေးထားရင် တစ်ပုဒ်ကို ထပ်ခါ တလဲလဲဖွင့်ပါများရင် အစတော့ မကြိုက်ပါဘူး။ နားထောင်ပါများတော့ နားနဲ့ယဉ်လာတယ်။နောက် သဘောကျလာ၊အတုယူလာ မှတ်သားလာမယ်၊လုပ်ဆောင်ကြည့်ပါ။ စာအုပ်နဲ့ စာရေးဆရာတော့ ကောင်းကောင်း မမှတ်မိတော့ဘူး ငုံးတွေကို ငြိမ့်ညောင်းတဲ့ ဂီတအသံတွေ ဖွင့်ပေးထားတာ ငုံးဥ တွေပိုပြီး ဥ လာတယ် မွေးမြူရေး နွားခြံတစ်ခုမှာ သာယာငြိမ့်ညောင်းတဲ့ တေးဂီတအသံ ဖွင့်ပေးထားပြီးစမ်းသပ်ရာမှာ နွားနို့အရင်ကထက် ပိုမိုထွက်တယ် လို့ ဖတ်ဖူးတယ်။ဂီတ၊ ကဗျာ၊ဗုဒ္ဓတရားတော် တွေဟာ လူတစ်ယောက်ရဲ့ စိတ်ကို ယဉ်ကျေးနိုင်စွမ်းရှိပါတယ်။

       အခု မိဘတွေက ကလေးတွေကို ပညာ သာပေးပြီး နှလုံးသား အာဟာရ မပေးလေတော့ နှလုံးသား အာဟာရ ချို့တဲ့ကြတဲ့ ကလေးတွေဟာ တဖက်သားကို ရန်သူလိုပဲ မြင်တော့တယ်။ သည်းခံနိုင်စွမ်းအားလုံးဝ မရှိတော့ဘူး။ ဖြစ်လိုက်ရင် ထိုးလိုက် ရိုက်လိုက်ရမှ ဓားနဲ့ ထိုးလိုက် ခုတ်လိုက်ရမှ ကြေနပ်တော့တယ်။ ပြဿနာ တစ်ခု ကြုံလာရင် ဒီဖြေရှင်းနည်းကလွဲလို့ တခြားဖြေရှင်း
နည်း မရှိတော့ဘူး။ ဒါဟာ မှန်ကန်တဲ့ ဖြေရှင်းနည်း မဟုတ်ဘူး။ မူမှန်စိတ်လည်း မဟုတ်တော့ဘူး။ ဖြစ်လာတဲ့ ပြဿနာကို ပညာနဲ့ရော နှလုံးသားနဲ့ပါ မျှမျှတတ ဖြေရှင်းရပါမယ်။ဒါမှ စစ်မှန်တဲ့ ဖြေရှင်းနည်း ဖြစ် ပါလိမ့်မယ်။ မိမိတို့ သားသမီး များ နှလုံးသားအာဟာရ ပြည့်ဝအောင် မိဘများ အဖိုးအဖွားများက ဝိုင်းဝန်း ကူညီဆောင်ရွက်သင့်တယ်။  ကရုဏာ ဟဒယ သီတလံ၊ ပညာပဇ္ဇောတ ဝိဟတမောဟတမံ အစချီတဲ့ ရှင်ဗုဒ္ဓဃောသ ရေးသားပူဇော်တဲ့ ဂါထာဟာ မြတ်ဗုဒ္ဓမှာ ပညာ နဲ့ ကရုဏာ ဆိုတဲ့ နှလုံးသား အာဟာရပြည့်ဝ တယ်ဆိုတာကို ဖော်ညွှန်းတာပါ။

      နှလုံးသား အာဟာရ ချို့တဲ့သူများ အတွက် မြတ်ဗုဒ္ဓဒေသနာ များက အပြည့်အဝ ပေးစွမ်းနိုင်ဆိုတာ သံသယရှိစရာမလိုပါဘူး။ဒါကြောင့် ဒီနေ့ ဦးဇင်းအထံ လာပို့တဲ့ ဒီကလေးငယ်များကို အိမ်ပြန်ရောက်ရင် မိဘများ အဖိုးအဖွားများက ကူညီပြီး ပညာတွေ နှလုံးသား အာဟာရတွေ မျှဝေပေးကြပါဦး မိဘများ အဖိုးအဖွားများဟာလည်း မျိုးဆက်သစ် တို့အတွက် ပန်းပျိုးလက် ပိုင်ရှင်တွေပဲ မဟုတ်ပါလား။ ကဲ ပန်းပင်လေးတွေ စိုက်ကြရအောင်------။


   အရှင်သာသန (စာချဆရာတော်)
                                                                                     သာသနဓဇဓမ္မာစရိယ
                                                                                    မေဓိကာရာမပရိယတ္တိစာသင်တိုက်
                                                                                    လုံးခင်း၊ဖားကန့်မြို့ နယ်၊ကချင်ပြည်နယ်။

No comments:

Post a Comment