Tuesday, December 24, 2013

“ပန်းပင်လေးတွေ စိုက်ကြရအောင်” ( အပိုင်း ၁) အရှင်သာသန (စာချဆရာတော်) သာသနဓဇဓမ္မာစရိယ

        “ပန်းပင်လေးတွေ စိုက်ကြရအောင်” ( အပိုင်း ၁)

   
   ခရီးရောက်မဆိုက် မိမိ နဲ့ ရင်းနှီးသူများ တဖွဲဖွဲရောက်လာနေပါတယ်။ဒီအထဲမှာ ရဟန်းဒကာ+ရဟန်း အစ်မ မိသားစု လည်း ပါလာပါတယ်။ရဟန်းဒကာ က သူရဲ့ သားငယ် ကို ပခုံးပေါ်တင် ဇနီးဖြစ်သူရဲ့ လက်ကိုဆွဲ လို့ ဇနီးကလည်း သမီး ငယ်ရဲ့ လက်ကိုဆွဲလို့ သမီးငယ်လေး လမ်းလျှောက်နေတာ ကို ကြည့်ကာ ပီတိဖြာ နေကြပါတယ်။ သူတို့ကြည့်ကာ နွေးထွေးမှုရှိ တဲ့ မိသားစု ဘဝ ကို မှန်းဆပြီး ပီတိဖြစ်ရပါတယ်။ ရဟန်း ဒကာက သူ့သားငယ်ကို ပခုံးပေါ်ကနေ
 အောက်သို့ချရင်း အဝင်ဝကနေ မိမိကို နှုတ်ဆက် နေပါတယ်။

  “အရှင်ဘုရား ဘယ်အချိန် ပြန်ရောက်လာသလဲ။”

   “လာပါ ထိုင်ပါဦး အေးအေးဆေးဆေး စကားပြောရတာပေါ့။”

မိမိတို့ နှစ်ဦး ပြောနေခိုက်မှာ ရဟန်း ဒကာမ က ကျောင်း အဝင်တံခါးဝမှာ ထိုင်ကာ သမီးငယ် ရဲ့ ဖိနပ်ကို ချွတ်ပေးနေရင်း

“မောင်ကလဲ  ဒီနေ့ဒီအချိန် အားလပ်ချိန်မို့ အေးအေးဆေးဆေး ဦးဇင်းနဲ့  စကားပြောဖို့ ကျောင်းလာခဲ့တာပဲ”

သမီးငယ် ရဲ့ ဖိနပ်ကိုသာ အာရုံစိုက်ကာ ပြောနေပါတယ်။ တကယ်တော့ သူတို့ မိသားစု ဘဝဟာ သူတို့ ကျင်လည်နေတဲ့ ပတ်ဝန်းကျင်အလိုက် တင့်တောင့်တင့်တယ်နေထိုင်နိုင်တဲ့ မိသားစု ဘဝပါ။      
 “ခြေကျင်လာကြတာလား ကားပါခဲ့သလား။”

“မယူခဲ့တော့ဘူး ဦးဇင်းရာ ခရီးဝေးပဲ ကားနဲ့ ကောင်းပါတယ်။ နီးနီးလေး ခြေကျင်လာရနေတာပဲ။
 တာဝန်မပိုတော့ဘူး ငွေကိုလည်း ချွေတာပြီးသား ဖြစ်တာပေါ့”

  မိမိရဲ့ အမေးစကားကို ရဟန်းဒကာက ကိုပွေ့ချီထားတဲ့ သားငယ်ကို လက်ထဲကနေ ကြမ်းပြင်အပေါ်ချကာ ပြန်ဖြေပါတယ်။ ရဟန်းဒကာ က မိမိရှေ့မှာ အရင်ရောက်နှင့်နေပြီးသူရဲ့ဇနီးနဲ့ သမီးငယ်ကို စောင့်ဆိုင်းနေပါတယ်။ရောက်လာတာနဲ့ တပြိုင်နက်

 “ကဲ သားတို့ သမီးတို့ ဒါ ဖေဖေတို့ မေမေတို့ ဘုန်းဘုန်းပဲ သားတို့ သမီးတို့ သြကာသ ရတယ်နော်။ မိသားစု ပေါင်းစုပြီး သြကာသနဲ့ ကန်တော့ရအောင်”

   မိခင်ဖြစ်သူက ပြောလို့ အပြီးမှာ သြကာသ နဲ့ ကန်တော့ကြပါတယ်။ တကယ်တော့ ဒီဒေသမှာက မိဘ နဲ့ မိမိအထက် အသက်ကြီးသူများကို ဒီလိုပဲ ကန်တော့နေကြပါပဲ။သာရေးနာရေးပွဲတွေ သွားလို့ ထမင်းကျွေးရင် ထမင်းဝိုင်းမှာ ထမင်းကျွေးသူ အိမ်ရှင်မိသားစုကို စုပေါင်းကာ မေတ္တာပို့ပြီးမှ စားရပါတယ်။ဒီနယ်မြေနေထိုင်သူအားလုံးဟာဘုရားဆွမ်းတော်ကပ်ရယ်၊သြကာသရယ်၊မေတ္တာပို့ရယ် ဒီသုံးခု မရရင်တော့ သူဟာ ဒီပတ်ဝန်းကျင်မှာ ခေတ်မမှီသူ လူရာမဝင်သူလို့ မြင်တတ်ကြပါတယ်။  ကန်တော့တာဆုပေးတာတွေ ပြီးဆုံးချိန်မှာ

“အရှင်ဘုရားနိုင်ငံခြားပညာသင်ပြန်ကြွဦးမှာလားဘုရား။” “အောင်ရင်နောက်တစ်တန်းအတွက်ပြန်မယ်။ မအောင်ရင် အခုအတန်းကို ပြန်ဖြေရဦးမယ်။”
 “ဖြေနိုင်ရဲ့လား။”
 "ဖြေနိုင်ပါတယ်။တကယ်တော့နိုင်ငံခြားမှာသင်ကြားပုံစနစ်မတူတာပါပဲ။သူတို့သင်ပေးတဲ့အကြောင်းအရာတော်တော်များများကမိမိတို့သိထားပြီးသားအကြောင်းအရာတွေအများဆုံးပါနေတာတွေ့ရပါတယ်။”
 ရဟန်းဒကာရဲ့ အမေးကို ဖြေအပြီးမှာ ရဟန်းဒကာမ ကနေ

 “ဒါဆို အရှင်ဘုရား ဘယ်နှစ်ဘာသာ သင်ယူရသလဲဘုရား”

“စုစုပေါင်း ရှစ်ဘာသာပါ။ ဘာသာရပ်တစ်ခုက သုံးမျိုး ကို ပေါင်းပြီး တစ်ဘာသာ              အဖြစ် ပြဌာန်းပါတယ်။”

“တပည့်တော်ကလေးငယ်နှစ်ယောက်ကိုအရှင်ဘုရားပြန်မကြွခင်စာသင်ပေးဖို့ လာအပ်တာဘုရား။”

“အချိန်ရောရရဲ့လားဘုရား ဘယ်ရက်ပြန်မလဲ”

"ပညာသင်ပေးရုံမဟုတ်ပါဘူးနှလုံးလှအောင်လည်းသင်ပေးမှာပါ။ကလေးတွေလာပို့တာဟာ
ကောင်းတဲ့ အမျှော်အမြင်ရှိလို့ လာပို့ဖြစ်တာပဲ'

  မိဘတိုင်း မိမိကလေးတွေကို အားလပ်ချိန်မှာ ဘုန်းတော်ကြီးကျောင်းပို့ပေးသင့်တယ်။ အချိန်မရလဲ ရတဲ့အချိန် ကိုယ့်လူမျိုးအတွက် အကျိုးရှိတာလုပ်ပေးဖို့ ဦးဇင်းတို့မှာတာဝန်ရှိတယ်။ အခုနိုင်ငံခြားမှာပညာသင်နေတယ်ဆိုတာကလဲကိုယ့်လူမျိုးအတွက်သင်နေတာပါ။ကမ္ဘာနဲ့ရင်ဘောင်တန်းမနေနိုင်ရင် နေပါစေ။ ကမ္ဘာ့အမြင်တွေ၊ကမ္ဘာ့အသံတွေကိုယ့်လူမျိုးကိုမြင်စေကြားစေသိစေဖို့ဖြန့်ဝေရမှာကဦးဇင်းတို့တာဝန်ပဲ။
ဒီကလေးတွေဟာ အနာဂါတ် မိမိတို့နိုင်ငံအတွက် မျိုးဆက်သစ်တွေပဲ။ သူတို့လေးတွေရဲ့
အနာဂါတ်လှရင် အနာဂါတ် ဦးဇင်းတို့ နိုင်ငံလည်းလှနေမှာပါ။သူတို့ကို ပျိုးထောင်ပေးရာမှာ မိဘ နဲ့ ဆရာ ဟာ အရေးပါတဲ့ အခန်းကဏ္ဍမှာ ရှိတယ်ဆိုတာ မိဘတိုင်း ဆရာတိုင်းမေ့မထားသင့်ဘူး။

  အခု ကလေးတွေ ကျောင်းလာပို့တော့ မိုးကာလ မှာ ကောက်စိုက်ဖို့ လယ်ထွန်နေခိုက် စပါးပျိုးပင် လာပေးလို့ လယ်သမားပျော်သလိုပေါ့”

 တကယ်တော့ သူတို့ နှစ်ယောက် ခေတ်ပညာတတ် ဘွဲ့ရထားသူတွေ ဖြစ်ပါတယ်။ ကလေးတွေရဲ့ အနာဂါတ် ပညာရေးကိုလည်း ကြိုတင်စီစဉ်ပြီးသားပါ။ မိမိ နှင့် သူတို့က မိဘ နဲ့ သားသမီး လို ရင်းနှီးပါတယ်။ ထိုအခိုက် ရဟန်းဒကာက

"ဦးဇင်းရေတပည့်တော်နှလုံးသားအာဟာရစာပေတွေဖတ်ပြီးတော့ သူကိုယ်လည်း ပြောဖြစ်ပါတယ်။
 အခုခေတ် လူငယ်တွေ အဲဒါတွေ များများ လိုအပ်လာတာတွေ့နေရတယ်။ အကြောင်းရင်းက ဘာလဲဆိုတာ တွေးလို့မရဘူး။
နေရာတကာမှာရန်ဖြစ်တာတွေ၊ရန်လိုမှုတွေ၊နောက်ဆုံးဆေးစွဲတာတွေ၊လောင်းကစားမှာ ဘဝပျက်
သွားတာတွေ တွေ့နေရတယ်။

   သူတို့ကို ကြည့်တော့လည်း ပညာတတ်လေးတွေပဲ။တပည့်တော် သားသမီိးတွေ အဲဒီလိုဖြစ်မှာ စိုးရိမ်မိတယ်။

  အဲဒီ စာပေမျိုး များများ လူငယ်တွေ ဖတ်စေချင်တယ်ဘုရား။ တပည့်တော်တို့ နှစ်ယောက်လုံး စာဖတ်ပြီးရင် ကလေးငယ်တွေကို နားလည်လည် မလည်လည် စိတ်ဝင်စားအောင်ပြန်ပြောပြကြတယ်။ ဒီလိုစာပေမျိုး တပည့်တော်တို့ မြန်မာမှာ မရှိဘူးလားဘုရား။”
ရဟန်းဒကာက သူတို့ကလေးငယ်များ အတွက် အသိအလိမ္မာပေးဖြစ်ပုံကိုပြောရင်း မိမိအား မေးလိုက်ပါတယ်။ ကျောင်းဝရန်တာ မှာ ဆော့ကစားနေ တဲ့ ကလေးငယ် နှစ်ယောက်ကို  တစ်ချက်ကြည့်ကာ ပြုံးရင်း  သား သမီး အပေါ်ထားတဲ့ မိဘမေတ္တာအကြောင်းနဲ့ အပူအပင်ကင်းတဲ့ ကလေးဘဝ ရဲ့ အကြောင်းက မိမိအတွေးစိတ်မှာ အလိုအလျှောက် ဝင်လာပါတော့တယ်။ ဒါပေမယ့် သူတို့သိချင်တာကအကြောင်းအရာတစ်မျိုးဖြစ်နေပြန်ပါတယ်။မိဘမေတ္တာအကြောင်း ပြောချင်ပေမယ့်
မပြောတော့ပဲ မိမိက နှစ်ယောက် စလုံး တွေ့ခိုက် စကားပြောရတာ ကောင်းပါတယ် တကယ်တော့ ရဟန်းဒကာပြောသလိုခေတ်လူငယ်တွေလမ်းလွဲနေတာကမိဘအားလုံးမှာ တာဝန်ရှိတယ်။
အနာသိဆေးရှိပါတယ်။ သမိုင်းအစဉ်အလာ ကြည့်ရင် ခေတ်အဆက်ဆက်မှာ မြန်မာလူမျိုးတွေဟာ သတ္တိရှိတာ၊ယဉ်ကျေးတာ၊တဖက်သားအပေါ်စာနာတတ်တာ၊ခွင့်လွှတ်သည်းခံတာ၊မိမိအမျိုးအနွယ်ကို ချစ်တတ်တာ တခြားလူမျိုးတွေထက် ပိုပါတယ်။ဒါဆို ဘာကြောင့် အခုလို အဆိုးဖက်
ဦးတည်နေတာလဲ လို့ မေးရင် အဓိက မိဘတွေပါ နောက် ဆရာတွေပါ။
   
  ဆရာတွေ ဆိုတာ ဘဝကိုပြဿနာတွေကို ဘယ်လိုဖြေရှင်းရမယ် ဘယ်လိုကျော်ဖြတ်ရမယ် လို့ သင်ပေးတဲ့ လောကီဆရာ လောကုတ္တရာ ဆရာအားလုံးပါ။ မိဘတွေက မိမိသားသမီးကို ပညာ
တတ်စေချင်တယ်။

  ပညာရေးကို ဦးစားပေးပြီး မိမိသားသမီးကို ပညာပြီး ပညာ သင်ပေးနေကြတယ်။ အခြားတဖက်က နှလုံးသားပိုင်းမှာ ခံစားတတ်ဖို့ မေ့နေကြတယ်။တကယ်တော့ လူသားတိုင်းမှာ intellectual aspect ဦးနှောက်ရယ်၊emotional aspect နှလုံးသားရယ် ဒီနှစ်ခု ဟန်ချက်ညီညီတိုးတက်နေရမယ်။ဦးနှောက်ဖက်ကိုသာ  အလေးပေးလွန်းပြီး နှလုံးသားဖက်က တိုးတက်မှုမရှိရင်အတ္တဆန်တဲ့သူ၊မိမိအတွက်သာပဲစဉ်းစားတယ်။တဖက်သားအတွက်မစဉ်းစားတော့ဘူး။ ငါ ဆိုတာကိုပဲ ဦးစားပေးတော့တယ်။ နှလုံးသားတခြမ်းသာ တိုးတက်ပြီး ဦးနှောက်ဖက်က မတိုးတက်ရင် အဲဒီလူဟာ အကန်းဖြစ်သွားတယ်။ သူများပြောတာမှာပဲ လမ်းဆုံးတော့တယ်။ မှန်သလား မှားသလား၊ဟုတ်သလား မဟုတ်သလား ဆိုတာမခွဲခြားတတ်တော့ဘူး။ ဒီတော့ ဒီနေ့ ခေတ် လူငယ်တွေ ရဲ့ ဦးတည်ရာကို မှန်းဆကြည့်ရင် ပညာရေးဆိုတဲ့ ဦးနှောက်ကိုသာ ဦးစားပေးပြီး နှလုံးသား ဆိုတဲ့ ခံစားမှု မရှိလို့ဆိုတာသိနိုင်တယ်။ ဒီတော့ ပညာရေးကိုသာ တဖက်သက် အားမပေးပဲ နှလုံးသားကိုလည်း အားပေးသင့်တယ်။ နှစ်ဖက်ညီအောင်ပေါ့။ ဥပမာ ချိန်ခွင်လိုပေါ့။ နှစ်ဖက်စလုံး အလေးချိန်တူနေ မှ ချိန်ခွင်လျှာက အလည်တည့်တည့်မှာ ရှိနေမယ်။

     ဝယ်သူဖက်က သာနေရင် ရောင်းသူဖက်က နစ်နာတယ်။ ရောင်းသူဖက်က သာနေရင်လည်း ဝယ်သူနစ်နာတယ်။ ချိန်ခွင်လျှာ အလည်တည့်နေမှ  အားလုံးက မှန်ကန်တဲ့ ချိန်ခွင်လို့ အသိအမှတ်ပြု လက်ခံတယ်။ တစ်ဖက်ဖက်ကို အလေးသာနေတဲ့ ချိန်ခွင်နဲ့ ကုန်ရောင်း ကုန်ဝယ် လုပ်ကြည့်ပါလား လက်ခံမလားလို့။ဒီလိုပါပဲ ဦးနှောက် နဲ့ နှလုံးသား အချိုးစား အချိန်အဆ မညီမျှရင် တစ်ဖက်ဖက်ကို အလေးသာနေတဲ့ချိန်ခွင်နဲ့ အရောင်းအဝယ်လုပ်နေတဲ့သူလိုပဲရေရှည်မှာ ပတ်ဝန်းကျင်ကအပေါင်းအသင်းမလုပ်ချင်တော့ဘူး။တဖြေးဖြေးရှောင်ကြမှာသေချာတယ်။ပညာရေးကို ဘယ်လိုပြုစုပျိုးထောင်သင့်တယ်။ဘယ်လိုအားပေးရမယ်ဆိုတာတော့ အားလုံးပညာရေးကို     ဦးစားပေးနေသူတွေ ဆိုတော့ ပညာရေးကို မပြောတော့ပါဘူး။ နှလုံးသား အတွက်ခံစားချက် ကို ဘယ်လို တိုးတက်အောင်လုပ်ရမယ် ဆိုတာကိုပြောပါမယ်။ ဒီနှလုံးသား အာဟာရ ဆိုတဲ့ စာပေတွေက ဗုဒ္ဓစာပေထဲမှာ အများကြီး ရှိပါတယ်။

    စာပေကို ချဉ်းကပ်ပုံ သုံးသပ်ပုံ တင်ပြပုံခြင်း မတူလို့ပါ။နဲနဲလေး ဗုဒ္ဓစာပေထဲက စကားလုံးတွေ ထည့်သုံးမယ်  ဒီလိုစာပေမျိုးတွေ ဗုဒ္ဓဘာသာစာပေထဲမှာ ရှိတယ်ဆို သိစေချင်တဲ့ ဆန္ဒပါ မျာများမသုံးပါဘူး နားရှုပ်ကုန်မှာစိုးလို့။ ဗုဒ္ဓဟောခဲ့တဲ့ တရားတော်တွေထဲမှာ ဈာန်စိတ် ဆိုတာ သမာဓိ တည်ဆောက်ရာမှာ အခြေခံရတဲ့ အောက်ခံ foundation ဆိုပါတော့။ ဒါတွေကတော့ ဝိတက္က၊ဝိစာရ၊ပီတိ၊သုခ၊ဥပေက္ခာ ၅ ခုပါ။ ဝိတက္က၊ဝိစာရက intellectual aspect ပါ ဦးနှောက်ပိုင်း အသိဥာဏ်တိုးတက်ဖို့။ ပီတိ၊သုခ ကတော့ emotional aspect ပါ နှလုံးသားတိုးတက်ဖို့။ ဒီနှစ်ခု ပိုင်ဆိုင်လို့ ရရှိလာမယ့် အကျိုးတရားက ဥပေက္ခာ ပါ။ Intellectual aspect ဆိုတာ အရာရာကို ကိုယ်ပိုင်အသိဥာဏ်နဲ့ ခွဲခြမ်းစိတ်ဖြာ သိတတ်တာမျိုး ကိုခေါ်ပါတယ်။ emotional aspect ဆိုတာ တစ်ဖက်သား အပေါ် သည်းခံတတ်တာ၊ခွင့်လွှတ်တတ်တာ၊ စာနာတတ်တာ တွေကို ခေါ်တာပါ။ ဒီနှစ်ခုကို ဗုဒ္ဓစာပေမှာ ပညာ နဲ့ ကရုဏာ လို့ သုံးတယ်။ အခုခေတ် ပညာရေး နယ်ပယ်မှာ တချို့ဘာသာရပ် (subject )တွေမှာ ခံစားတတ်မှု နှလုံးသားပိုင်း မပါဝင်တာတွေရှိတယ် ဥပမာ ဇလဗေဒပညာရပ် မျိုးဆိုပါတော့။
    ဒီလို ဘာသာရပ် (subject ) သင်ယူနေတဲ့ ကျောင်းသူ ကျောင်းသားတွေကို သင်ပေးတဲ့ ဆရာက ဘာသာရပ်နဲ့ ဆက်နွယ်နေတဲ့ သဘာဝ အလှကိုခံစားတတ်ဖို့ပါ ပညာသင်ပေးရင်း emotional aspect ပါထည့်သင်ပေးလိုက်ရင် နှစ်ဖက်စလုံးတိုးတက်တဲ့ လူငယ်တွေဖြစ်လာမှာပါ။အခု အဲဒီ emotional aspect ထည့်မပေးလိုက်တော့။ လူငယ်တွေ စိတ်ဓာတ်တွေဟာ အခု ရဟန်းဒကာပြောသလို အဆိုးဖက်ကို ဦးတည်တော့တာပါပဲ။ ငယ်စဉ်က ကျောင်းသား၊ကျောင်းသူ ဘဝမှာ များသောအားဖြင့် ကဗျာ သင်ပေးတဲ့ ဆရာ၊ဆရာမ တွေကို အဲဒီ ကျောင်းသား၊ကျောင်းသူတွေ လူကြီးဘဝရောက်လာတဲ့ အချိန်အထိ မမေ့ကြဘူး သတိရနေဆဲပဲ။ အခွင့်အခါ ကြုံလို့ ကဗျာ ဆိုခွင့်ရရင် သင်ပေးခဲ့တဲ့ ဆရာ၊ဆရာမ တွေကို အမြဲ သတိရနေလေ့ရှိတယ်။ ကဗျာတို့၊ သီချင်းတို့ ဆိုတာကလည်း နှလုံးသားကို ထိမှကြာရှည်ခံ
တယ်။ နှလုံးသား ကို မထိတဲ့ ကဗျာတို့ သီချင်းတို့ဟာ တခဏပဲ ကြာရှည်မခံဘူး။ ဒီနေ့ခေတ်ရုပ်ရှင်၊ဗွီဒီယို၊အင်တာနက်၊သီချင်းတွေအားလုံးဟာ အကောင်းအတွက်ဖန်တီးထားပေမယ့် အကောင်းချည်းပေးတဲ့ အရာမဟုတ်ဘူး။ နှလုံးသားကို ကြမ်းအောင်၊မာအောင် လောကကြီးရဲ့ အလှကို ပျက်စီးအောင် လမ်းပြပေးနေတဲ့ အရာတွေက ကြားထဲမှာ ပါလာတယ်။ ထမင်းချက်တဲ့ အခါ စပါးလုံး နဲ့ ကျောက်ခဲကို ရွေးထုတ်ပြီး ချက်ကြသလို မိဘတွေ ဆရာတွေ အုပ်ထိန်းသူတွေက ဒါကိုရွေးချယ်ပေးသင့်တယ်။ထိန်းသိမ်းသင့်တယ်။ပညာရှင်တွေကလည်းဒီအချက်တွေကို ထောက်ပြကြတယ်။
ဥပမာ သီချင်းက စိတ်ဓာတ်တတ်ကြွတဲ့သီချင်းနားထောင်ရင် စိတ်ဓာတ်တွေတက်ကြွလာတယ်။ အမျိုးသားစိတ်ဓာတ် လှုံဆော်တဲ့ သီချင်းဖြစ်ပါက မျိုးချစ်စိတ်ဓာတ်တွေဖြစ်ပေါ်လာတယ်။ ဝမ်းနည်းစရာ သီချင်းကြားရရင် ဝမ်းနည်းလာတယ်။ ငါမင်းကို သတ်ချင်တယ် ဆိုရင်တော့ သတ်ချင်တော့တာပါပဲ။ ရုပ်ရှင်၊ဗွီဒီယိုမှာလည်း အတူတူပါပဲ

    ဝမ်းနည်းစရာဇာတ်ကားဆိုရင် ကြည့်တဲ့ပရိတ်သတ်ကဝမ်းနည်းရ၊ ရယ်စရာ ဇာတ်ကားဆိုရင် ရယ်လိုက်ရ၊ စိတ်ဆိုးစရာ ဇာတ်ကားဆိုရင် စိတ်ဆိုးကြရ၊ အသက်အဖျက် ဇာတ်ကားဖြစ်ပါက ကြည့်သူစိတ်ဓာတ်က သတ်ဖျက်ချင်စိတ်တွေ အမုန်းပွားစိတ်တွေ ဖြစ်ပေါ်လာပြန်ရော။ပျက်စီးဖို့က သင်စရာမလိုဘူး။

  မပျက်စီးဖို့ သင်နေရတာ။အခုဆို ပျက်စီးဖို့ အကြောင်းအရာတွေက လမ်းဘေးမှာ ready ပဲ လက်ယပ်ခေါ်နေတာ မိမိကိုယ်မှာ အသိတရား ခံစားမှုတရား မထားရင်တော့ လွယ်ပါတယ် ပျက်စီးဖို့။ အရက်သောက်မလား။ ဆေးလိပ်သောက်မလား အခြားပြောမကောင်းတဲ့ အရာတွေ ရှိသေးတယ် အဲဒါတွေ လက်တဲ့စမ်းမလား။ ၁၈ ရှစ်မပြည့်ကမရောင်းရ ဆိုတဲ့ စည်းကမ်း၊ဥပဒေ မရှိဘူး။ အားလုံး free ပဲ။ ဒီတော့ လူငယ်တွေ တစ်ဖွဲ့နဲ့တစ်ဖွဲ့ အုပ်စုဖွဲ့ရိုက်တာ၊ လမ်းဘေးအရိပ် နားခိုနေသူကို ဘာရန်ငြိုးအာဃာတ မရှိပဲနဲ့ ဓားနဲ့ခုတ်ပြေးတာ၊ ဂီတာ တီးနေသူကို ရန်ငြိုးမရှိပဲ နောက်ကနေ ရိုက်တာ ဒါတွေ ဖြစ်ပေါ်လာတာပါပဲ။ သူတို့ နှလုံးသားမှာခံစားတတ်မှု (emotional aspect) သို့မဟုတ် ကရုဏာ တရား ထည့်ပေးဖို့ မိဘတွေ၊ဆရာတွေ ပျက်ကွက်ခဲ့တာ သတိမထားမိကြဘူး။ ပညာရေး တဖက်တည်းကိုပဲ ဦးစားပေးပြီး နှလုံးသားဖက် ကို ပြစ်ထားတော့ ညီအစ်ကို မောင်နှစ်မ အချင်းချင်း စိတ်ဝမ်းကွဲကြ၊ ဆွေမျိုးအချင်းချင်း မခေါ်နိုင် မပြောနိုင်၊ မိဘ နဲ့ သားသမီး၊ ဆရာ နဲ့ တပည့်အကြားမှာ အမြင်မကြည်လင်မှုတွေ တိုးပွားလာတဲ့ ဆိုးကျိုးတွေဖြစ်ပေါ်
လာတာပဲ။နိုင်ငံရေးကြောင့်၊စီးပွားရေးကြောင့်၊ခေတကြီးကြောင့်ဒီဆိုးကျိုးဖြစ်ပေါ်လာတယ် ဆိုပြီး  အခြားတဖက်ကို လက်ညှိုးထိုးနေကြတယ်။ ကျန်တဲ့ လက် ၄ ချောင်းက မိမိဖက်ပြန်ညွှန်ပြနေတယ်
ဆိုတာ အားလုံး သတိထားသင့်တဲ့ အချက်ပါပဲ။

   မကြာသေးပါဘူး ၂၀၁၁ မတ်လ ၁၁ ရက်က ဂျပန်နိုင်ငံ ငလျှင်ဒဏ်ခံရတော့ဖူကူရှီးမားနျူ
စက်ရုံကနျူကလီးယားဓာတ်ပေါင်းဖိုနျူးကလီးယား ရောင်ခြည် ယိုစိမ့်မှု ဖြစ်ပေါ်လာတဲ့
အချိန်ကပါပဲ။မြေအောက်ရထားလမ်းတွေပိတ်တော့ ဘတ်စ်ကား တန်းစီစောင့်ရတယ်။ ဖုန်းလိုင်းတွေပြတ်ကုန်လို့ အစိုးရဖုန်း အများသုံးဖုန်း တွေကို စောင့်ပြီး ပြောရဆက်သွယ်ရတယ် ဒုက္ခရောက်ချိန်မှာ ဂျပန်လူမျိုးတွေ အတ္တမဆန်ဘူး ။ တစ်ဦးရဲ့ အခွင့်အရေးကို အခြားတစ်ဦးက လုမယူကြဘူး။ဒီထဲမှာ မမေ့နိုင်တဲ့ အဖြစ်အပျက်တစ်ခုကတော့ စားစရာမုန့်ဝေနေတာကို တန်းစီပြီး မိမိအတွက် ယူလာတဲ့ ကလေးငယ်ကသူ့ရဲ့ ဝေစုရတဲ့ မုန့်တစ်ခုကို အလယ်ကနေ ဖဲ့ကာ မိမိနောက် အတော်ဝေးဝေးမှာရှိတဲ့လူတစ်ယောက်ကိုပြန်လည်ပေးနေတဲ့ပုံရိပ်လွှာလေးပါ။နောက်သတင်းထောက်
တစ်ဦးကမနေနိုင်လို့ဂျပန်ပြည်သူတစ်ဦးကိုအင်တာဗျူးတော့ ကျောင်းဆရာ၊ဆရာမတွေက ကျောင်းသူ
ကျောင်းသားလေးတွေကိုစာသင်ကျောင်းမှာကဗျာသင်ပေးတယ်။သင်ပေးတဲ့ကဗျာရဲ့ဆိုလိုချက်အဓိပ္ပါယ်
ကိုလည်းရှင်းပြတယ်။နှလုံးသားထဲရောက်အောင်အသံနေအသံထား၊အမူအယာနဲ့သင်ပေးတာဒီတော့
သူတို့လောကကြီးကိုအကောင်းမြင်တတ်သွားတယ်။စာနာတတ်လာတယ် အဖြေက ဒါပါပဲတဲ့။

   ဂျပန်နိုင်ငံဟာ စည်းပွားရေး၊ပညာရေးမှာ ရှေ့ကပြေးနေတဲ့ အာရှထဲက နိုင်ငံတစ်ခုပါ။ဒါပေမယ့် ကလေးငယ်တွေကို ဦးနှောက် ရော နှလုံးသားပါ တိုးတက်အောင် လုပ်ပေးနေတယ်ဆိုတာ ဒီအဖြစ်အပျက်လေးက မိမိတို့အတွက်ယူထိုက်တဲ့သင်ခန်းစာကောင်းလေးပါပဲ။ ဦးဇင်းတို့ မြန်မာပြည် မိဘတိုင်း၊ဆရာတိုင်း မိမိတို့ရဲ့ သားသမီး၊တပည့်တွေကို ပညာ သင်ပေးရုံတင်မဟုတ်ပဲ၊နှလုံးသား ခံစားတတ်မှုပါ သင်ပေးသင့်ပါတယ်။ အခု ရဟန်းဒကာ+ဒကာမတို့ မိမိတို့ ကလေးငယ်ကို ဒီလာပို့
ပေးတာဟာကောင်းသောလာခြင်းမို့ဦးဇင်းကဝမ်းသာမိပါတယ်။အခြားမိဘများကိုလည်း ပြောလိုက်ပါ။
အနာဂါတ်ပန်းပင်လေးတွေစိုက်ရအောင်လို့။ဒါမှအမိမြန်ပြည်ဆိုတဲ့ဥယျာဉ်ထဲမှာ ရောင်စုံပန်းတွေဖူးပွင့်
လို့ လှနေမှာ မဟုတ်လား။
               
                             အရှင်သာသန (စာချဆရာတော်)
                             သာသနဓဇဓမ္မာစရိယ
                            မေဓိကာရာမပရိယတ္တိစာသင်တိုက်
                            လုံးခင်း၊ဖားကန့်မြို့ နယ်၊ကချင်ပြည်နယ်။
                                ၂၄-၁၂-၂၀၁၃
                       

No comments:

Post a Comment