Friday, August 1, 2014

အကြင်နာလက်နဲ့ ဖန်ဆင်းမယ့် တို့ပန်းခင်း အရှင်သာသန (စာချဆရာတော်) သာသနဓဇဓမ္မာစရိယ

အကြင်နာလက်နဲ့ ဖန်ဆင်းမယ့် တို့ပန်းခင်း

မိမိပန်းဥယျာဉ်ထဲက ပန်းလေးများ လှလှပပ စိမ်းစိမ်းစိုစို ပွင့်လန်းနေတာကို မြင်လိုကြသည်မှာ ဥယျာဉ်မှူးတိုင်းရဲ့ အိမ်မက်ဖြစ်ပါလိမ့်မယ်။ ပန်းလေးများ လှပဖို့ ဥယျာဉ်မှူးများ နေ့စဉ်နဲ့အမျှ ရေလောင်း ပျိုးထောင် ပေါင်းပင်နှုတ် မြေဆီကျွေးစသည်ဖြင့် ပြုစုကြရပါတယ်။ အခြားသူများရဲ့ ဥယျာဉ်ထက် မိမိဥယျာဉ်က ဖူးပွင့်တဝေဝေ နဲ့ ပိုပြီး စိမ်းစို လှပစေချင်ကြပါတယ်။ဂရုစိုက်နေသည့်ကြားမှ တစ်ခါတစ်ရံ မဖူးပွင့်ခင်
ညှိုးနွမ်းသွားတာ ပိုးကိုက်သွားတာ စသဖြင့် မလိုလားအပ်တဲ့ အရာများနဲ့ ကြုံရတဲ့အခါ ဝမ်းနည်းမိ နှမြောမိပြန်ပါတယ်။ပန်းဆိုတာ လောကကို အလှဆင်ဖို့ မဟုတ်ပါလား။
မိဘ၊အဖိုးအဖွား၊ဆရာများဟာ ဥယျာဉ်မှူး ဖြစ်ခဲ့ရင် သူတို့ရဲ့ သားသမီးများ မြေးများ တပည့်များဟာ ပန်းကလေးများ ဖြစ်ပြီး လူ့လောက ကြီးဟာ ဥယျာဉ်ဖြစ်ပါလိမ့်မယ်။၂၁ ရာစုဆိုတာ ပညာရေး
ဦးစားပေးလာတာတဲ့ ခေတ် လို့ သတ်မှတ်လာကြတာနဲ့ အတူ မိမိတို့ သားသမီး များကို ပညာတတ်များဖြစ်စေဖို့ ပညာပြီး ပညာ သင်ပေးရင်း ရည်မှန်းချက်ပန်းတိုင်ရောက်တာလည်းရှိပါတယ်။ ရည်မှန်းချက် လမ်းတစ်ဝက်ကနေ လမ်းဘေးဖဲ့သွားတာလည်းရှိသလို လမ်းခုလပ်မှာ မတ်တပ်ရပ်နေခဲ့ရတာတွေလည်း ကြုံတွေ့ရပါတယ်။ ပညာပြီး ပညာ စီးဆင်းလာတဲ့ ခေတ်ရေစီးကြောင်းမှာ အကြင်နာဆိုတဲ့ လမ်းကြောင်းနဲ့ယှဉ်ပြီး မစီးဆင်းတဲ့ အခါ မိဘ နဲ့ သားသမီး၊ ဆရာနဲ့ တပည့် အကြားမှာ ပြောရဆိုရခက်ခဲမှုတွေ၊အချင်းချင်း ရန်လိုမှုတွေ၊ မုန်းတီးမှုတေ၊ွ ရိုက်ပွဲ နှက်ပွဲတွေ၊အကြောင်းမဲ့ ဓားနဲ့ခုတ်ထွက်ပြေးတာတွေ၊ထစ်ခနဲဆို ရိုက်မယ်နှက်မယ်ဆိုတဲ့ အလေ့အကျင့် တွေက တစ်နေ့ထက် တစ်နေ့ ပိုမိုဆိုးဝါးလာတာကို ဥယျာဉ်မှူးများ မြင်တွေ့နေရသည့်တိုင် အဖြေကို ရှာဖွေလို့ မတွေ့သေး။ အဖြေမရှိ၍မဟုတ်၊ဆေးမရှိ၍မဟုတ် ရှိပါတယ်။ဥယျာဉ်မှူးများ ဝိုင်းဝန်းလုပ်ဆောင်ပါမှ ပန်းလေးများပိုပြီး လှပလာပါမယ်။
ဥယျာဉ်ထဲမှာ ပန်းလေးများကို ပညာဆိုတဲ့ မြေဆီသက်သက် ကျွေးရုံဖြင့် မလုံလောက်သေး။ ကရုဏာ ခေါ်တဲ့ စာနာစိတ်ထား သဘာဝမြေသြဇာ ထည့်ပြီး စိုက်ပျိုးပါမှ မိမိလိုချင်တဲ့ ပုံစံအတိုင်း ပန်းလေးများပွင့်လာပါလိမ့်မယ်။ပညာ နဲ့ ကရုဏာ၊ သိတတ်မှုနဲ့ကိုယ်ချင်းစာတတ်မှု၊ဦးနှောက် နဲ့ နှလုံးသားကို အချိုးအစားညီညီ ထည့်ပေးရပါမယ်။ ဦးနှောက်က နှလုံးသားထက် များနေရင် ကောက်ကျစ်တတ်။ကိုယ်ချင်းစာနာမှု ကင်းမဲ့တတ်ပါတယ်။
နှလုံးသားက ဦးနှောက်ထက်ကြီးနေရင် ထုံအ-သူ ကန်းသူ ဖြစ်တတ်ပါတယ်။ ပညာ ကို သက်ဆိုင်ရာ ဘာသာရပ်အလိုက် ဆရာများ သင်ကြားပေးနေတာမို့ ပညာကို ဘယ်လို ပျိုးထောင်ရမယ် ဆိုတာ သက်ဆိုင်ရာ ဆရာ ဆရာမများက ပိုမိုကျွမ်းကျင်ပါလိမ့်မယ်။ဒီနေရာမှာ ပြောလိုတာက ပန်းလေးတွေ ပိုလှဖို့ အကြင်နာ-ကိုယ်ချင်းစာနာတတ်မှု၊ ကရုဏာ စိတ်ထား ကို ဘယ်လို အသုံးပြုရမယ်ဆိုတာကို ပြောချင်တာဖြစ်ပါတယ်။သားသမီး ဆိုတာ မိဘနဲ့ အနီးကပ်ဆုံး အချိန်အများဆုံး အတူ နေရတာပါ။နောက် ဒုတိယ အနီးကပ်ဆုံးနဲ့ အချိန်အများဆုံး အတူနေရတာက အဖိုးအဖွားများပါ။ တတိယက ဆရာ ဆရာမတွေပါ။ မိဘ များဟာ သားသမီးများအတွက် ဥယျာဉ်မှူးပါ။အဖိုးအဖွားများဟာ မြေးများအတွက် ဥယျာဉ်မှူးပါ။
မိဘတိုင်း မိမိသားသမီးကို ပညာတတ်ပြီး ယဉ်ကျေးလိမ်မာသူများ ဖြစ်စေချင်ကြမှာ မလွဲပါဘူး။ ပညာအမွေပေးရုံသက်သက် မဟုတ်သေးပဲ မိမိတို့ သားသမီးများ နှလုံးသားနူးညံ့စေဖို့ ကိုယ်ချင်းစာနာစိတ် အကြင်နာစိတ်ဓာတ် ကိန်းအောင်းစေဖို့ မိဘများက ပြုစုပျိုးထောင်ပေးရပါမယ်။ သားသမီးများကို ရုပ်ရှင်များ၊video ဇာတ်ကားများ ကြည့်ရာမှာ ကြမ်းထမ်းတဲ့ ဇာတ်ကားတွေအစား နူးညံ့နဲ့ ဇာတ်ကားတွေ၊အပစ်အခတ် game တွေအစား ပညာတိုးစေတဲ့ game များကို အစားထိုးပေးသင့်ပါတယ်။ ပညာရှင်တွေက ကြမ်းတမ်းတဲ့ ဇာတ်ကားတွေ၊ game တွေကြောင့် မှုခင်းတွေ ပိုမြင့်လာတယ်လို့ သုံးသပ်ကြပါတယ်။ သာယာငြိမ့်ညောင်းတဲ့ တေးဂီတ သီချင်းများကို သားသမီးများ အိမ်မှာ ရှိနေချိန်မှာ အမြဲတမ်းဖွင့်ပေးထားသင့်ပါတယ်။ အစတော့ သူတို့နားထောင်လို့ ရမှာမဟုတ်ပါဘူး။ နားထောင်တာ အကြိမ်ရေများလာရင် အလိုလိုကြိုက်သွားပါမယ်။ဘယ်အရာမဆို ထိတွေ့မှုများလာရင် နှစ်သက်လာပါမယ်။နှစ်သက်လာရင် လက်ခံလာပါမယ်။လက်ခံလာရင် ကျင့်သုံးဖို့ ပြောစရာမလိုတော့ပါဘူး။
လူတစ်ယောက် သူဘယ်လို သီချင်းအမျိုးအစားကို နားထောင်သလဲလို့ သိရရင် အဲဒီသူရဲ့ စိတ်ဓာတ်ကို ခန့်မှန်းလို့ ရတယ်လို့ ပညာရှင်တွေက ဆိုပါတယ်။တေးဂီတ သီချင်းဟာ စိတ်ဓာတ်ကို နူးညံ့အောင် လုပ်ပေးနိုင်စွမ်း ရှိ- မရှိ ကို နွားမွေးမြူရေးခြံများ နဲ့ ငုံးမွေးမြူရေးခြံများမှာ နူးညံ့တဲ့ တေးဂီတများကို ဖွင့်ပေးပြီး စမ်းသပ်ရာမှာ အရင်နေ့များထက် နွားနို့ နဲ့ ငုံးဥ များ သိသိသာသာ အထွက်ပိုတိုးတာကို တွေ့ရတယ် လို့ ဖတ်ရှုဖူးပါတယ်။ အဖိုးအဖွားများက မိမိရဲ့ မြေးများကို ပုံပြင်ပြောပြတာမျိုး၊ပုံပြင်မပြောတတ်ရင် သူတို့ကြားအောင် တရားခွေကို အမြဲဖွင့်နားထောင်တာမျိုး၊စာပေဟောပြောပွဲခွေ နားထောင်တာမျိုးကျောင်းကန်သွားရင် ခေါ်သွားတာမျိုး၊ ကောင်းမှုကုသိုလ် ပြုလုပ်ရာမှာ
မိမိတို့မြေးများကို ခေါ်သွားတာမျိုး ပြုလုပ်သင့်ပါတယ်။ ခေါ်ရတာ စိတ်ရှုပ်တယ် ဆိုတဲ့ အတွေးမျိုး မတွေးပဲ
သူတို့လေးတွေရဲ့ နှလုံးသားထဲမှာ ကုသိုလ်အပင်ပျိုးပေးနေတာ၊ နှလုံးသားမှာ သာသနာတည်ပေးနေတာ စာနာမှုစိတ်ထား အပင်လေးများ စတင်ပျိုးထောင်ပေးနေတာ ဆိုတဲ့ အတွေးမျိုးနဲ့ လက်တွဲခေါ်သင့်ပါတယ်။ ပတ်ဝန်းကျင်ကလည်း ဒီအမြင်မျိုးရှိသင့်ပါတယ်။ ဒါမှသာ အဖိုးအဖွားများကို ချစ်တတ်တဲ့ ပညာတတ် နှလုံးလှ ပန်းပွင့်လေး အမြဲစိမ်းစိုနေမှာပါ။
ဆရာဆရာမများဟာ ပန်းလေးများနဲ့ အနီးကပ် နေခွင့်ရသတဲ့ တတိယမြောက် ဥယျာဉ်မှူးများဖြစ်ပါတယ်။သူတို့လေးတွေကို ပညာပါမက နှလုံးသားလှဖို့ပါ သင်ပေးရပါမယ်။ တပည့်များ နှလုံးသားလှစေဖို့ ဆရာ ဆရာမ တွေက ကဗျာတွေ အသံထွက် ဆိုပေး၊အဓိပ္ပါယ်ရှင်းပြပေး မယ်ဆိုရင် သူတို့လေးတွေ အဖိုးထိုက်တဲ့ပန်းလေးတွေ ဖြစ်မှာအသေအချာပါပဲ။တပည့်များဟာ ငယ်စဉ်က ကဗျာသင်ပေးတဲ့ ဆရာ ဆရာမ များကို အသက်အရွယ်ကြီးတဲ့ အထိ သတိရတတ်ပါတယ်။ ဆရာ ဆရာမ သင်ပေးလိုက်တဲ့ ကဗျာလေး ရွတ်ဆိုခွင့် ကြုံလို့ အသံထွက်ရွက်ဆိုလိုက်တယ်ဆိုရင် ဒီကဗျာကို ငယ်ငယ်တုန်းက ဆရာ ဘယ်သူ ဆရာမ ဘယ်သူက သင်ပေးတာလို့ ထုတ်ဖော်ပြောလေ့ရှိပါတယ်။ကဗျာဟာ ကလေးများအတွက် အကောင်းဆုံး နှလုံးသားအာဟာရပါ။ မကြာသေးပါဘူး ၂၀၁၁ မတ်လ ၁၁ ရက်က ဂျပန်နိုင်ငံ ငလျှင်ဒဏ်ခံရတော့ ဖူကူရှီးမားနျူစက်ရုံက နျူကလီးယား ဓာတ်ပေါင်းဖို နျူးကလီးယား ရောင်ခြည် ယိုစိမ့်မှု ဖြစ်ပေါ်လာတဲ့ အချိန်ကပါပဲ။ မြေအောက်ရထားလမ်းတွေပိတ်တော့ ဘတ်စ်ကား တန်းစီစောင့်ရတယ်။ ဖုန်းလိုင်းတွေပြတ်ကုန်လို့ အစိုးရဖုန်း အများသုံးဖုန်း တွေကို စောင့်ပြီး ပြောရဆက်သွယ်ရတယ်။ဒုက္ခရောက်ချိန်မှာ ဂျပန်လူမျိုးတွေ အတ္တမဆန်ဘူး ။ တစ်ဦးရဲ့ အခွင့်အရေးကို အခြားတစ်ဦးက လုမယူကြပါဘူး။
ဒီနေရာမှာ မမေ့နိုင်တဲ့ အဖြစ်အပျက်တစ်ခုကတော့ တန်းစီပြီး စားစရာမုန့်ဝေနေတာကို တန်းစီကာအလှည့်ကျမှာ ယူလာခဲ့ကလေးငယ်တစ်ယောက်က သူ့ရဲ့ ဝေစုရတဲ့ မုန့်တစ်ခုကို အလယ်ကနေ ဖဲ့ကာ မိမိနောက် အတော်ဝေးဝေး ရှိတဲ့ လူတစ်ယောက်ကိုပြန်လည်ပေးနေတဲ့ပုံရိပ်လွှာလေးပါ။နောက်သတင်းထောက်
တစ်ဦးက မနေနိုင်လို့ ဂျပန်ပြည်သူ တစ်ဦးကို အင်တာဗျူးတော့ ကျောင်းဆရာ၊ဆရာမတွေက ကျောင်းသူ၊ကျောင်းသားလေးတွေကို စာသင်ပေးတဲ့အခါမှာ ကဗျာသင်ပေးတယ်။ သင်ပေးတဲ့ကဗျာရဲ့ ဆိုလိုချက်အဓိပ္ပါယ်ကိုလည်း ရှင်းပြတယ်။ နှလုံးသားထဲရောက်အောင် သံစဉ်နဲ့အမူအယာနဲ့သင်ပေးတာ။နှလုံးသားထဲ ကဗျာတွေကိန်းနေတဲ့ ကလေးတွေဟာ လောကကြီးကိုအကောင်းမြင်တတ်သွားတယ်။
စာနာတတ်လာတယ် အဖြေက ဒါပါပဲတဲ့။ ဂျပန်နိုင်ငံဟာ စည်းပွားရေး၊ပညာရေးမှာ ရှေ့ကပြေးနေတဲ့ အာရှထဲက နိုင်ငံတစ်ခုပါ။ဒါပေမယ့် ကလေးငယ်တွေကို ဦးနှောက် ရော နှလုံးသားပါ တိုးတက်အောင် လုပ်ပေးနေတာဆိုတာ ဒီအဖြစ်အပျက်လေးက မိမိတို့အတွက် ယူထိုက်တဲ့သင်ခန်းစာကောင်းလေး
ပါပဲ။ အမိ မြန်မာပြည် မိဘတိုင်း၊အဖိုးအဖွားတိုင်း၊ဆရာတိုင်း မိမိတို့ရဲ့ သားသမီးများ၊ မြေးများ၊ တပည့်များကို ပညာ သင်ပေးရုံတင်မဟုတ်ပဲ၊နှလုံးသား ခံစားတတ်မှု စာနာတတ်မှုပါ သင်ပေးသင့်ပါတယ်။ မိဘ အဖိုးအဖွား ဆရာဆရာမ များ မိမိနိုင်ရာဖက်ကနေ ဝိုင်းဝန်းပြီး ပညာ နဲ့ အကြင်နာ မြေသြဇာကို ညီမျှစွာ ကျွေးပေးရင် မိမိတို့အိမ်၊ မိမိတို့ကျောင်း၊မိမိတို့မြို့၊ မိမိတို့နိုင်ငံ ဆိုတဲ့ ဥယျာဉ်ထဲမှာ ပတ်ဝန်းကျင်ကို အရုပ်ဆိုးစေတဲ့ စာနာမဲ့လုပ်ရက်များ၊ဖြစ်စဉ်များ ကင်းစင်ပြီး လှပတဲ့ပန်းလေးတွေ အရောင်စုံ လန်းလန်းဆန်းဆန်း ဖူးပွင့်တာကို ကြည့်ကာ စိတ်ကြည်းနူးကြမှာ အမှန်မလွဲပါ။သူတို့ဥယျာဉ်မှာ သူတို့ပန်းလေးများလှနေရင် တို့ဥယျာဉ်မှာ တို့ပန်းလေးတွေ လှနေအောင် အကြင်နာလက်နဲ့ တို့ဥယျာဉ် ကို ဖန်တီး ပြုပြင် ရမှာက တို့ဥယျာဉ်မှူးများရဲ့ တာဝန်မဟုတ်ပါလား။ကဲ အကြင်နာလက်များနဲ့ တို့ပန်းခင်းထဲမှာ ပန်းလှလှလေးတွေ တို့တစ်တွေ ဖန်ဆင်းလိုက်ကြရအောင်---။


ဓာတ်ပုံကို မချော အစိမ်းရောင်လွင်ပြင် မှ ကူညီပါသည်။


No comments:

Post a Comment