အဖြေမဲ့ ပုစ္ဆာ
အရှင်ဇောတိက (သီဟိုဠ်)
 ပြီးခဲ့တဲ့နှစ်က
 ရွှေပြည်သာ သံဒင်းရပ်ကွက်မှာ ဗုဒ္ဓဘာသာ ယဉ်ကျေးမှု နှင့် အခြေခံ 
အင်္ဂလိပ်စာဆိုပြီး နွေရာသီ သင်တန်းတစ်ခု ဖွင့်ဖြစ်ခဲ့တယ်။ အဲ့ဒီသင်တန်းမှာ 
 လေး၊ ငါးနှစ်သား ကလေး တစ်ယောက်ရဲ့ အမေးကို ဖြေဖို့ အဖြေမရှိ 
ဖြစ်သွားခဲ့တယ်။ မေးခွန်းအမျိုးစားက “Yes or No question” ပါပဲ ဒါပေမယ့် 
သူရဲ့မေးခွန်းကို “Yes” လည်းမလုပ်နိုင် “No” လည်း မလုပ်နိုင်ခဲ့ပါဘူး။ 
သင်တန်းဖွင့်ပြီး တစ်ပတ်လောက် နောက်ကျကာ ရောက်လာတဲ့ အတွက် 
မမှီိလိုက်တဲ့စာလေးတွေကို အားလပ်ချိန်မှာ ဒီကလေးကို ခေါ်ပြီး 
ဝါးပင်တွေရဲ့အောက် ကွပ်ပျစ် ကလေးပေါ်မှာ တစ်ယောက်တည်း ခေါ်သင်ပေးခဲ့တယ်။ 
ကလေးရဲ့ပုံက ဆင်းရဲနွမ်းပါးပုံ ပေါ်ပါတယ်။ လက်ကလေးတွေမှာလည်း ရွှံ့ တွေပေလို့
 ဗလာစာအုပ်တို့ ခဲတံတို့ ပါမလာတော့ သင်တန်းကပဲ ထုတ်ပေးခဲ့ရတယ်။ ဒါပေမယ့် 
ကလေးက ချက်ချက်ချာချာ  ချစ်စရာပုံလေးပါ။ “ဟေ.. သား…လာ..လာ” လို့ခေါ်လိုက်တယ်
 ဆိုရင်ပဲ ကြောက်ရွံ့ပုံမပေါ် နှစ်ခွင်းမခေါ်လိုက်ရ ရောက်လာတယ်။

“ 
ဒါနဲ့ သားနာမည်ဘယ်လိုခေါ်လဲ” ဆိုတော့ သန့်ဇင်ဖြိုး 
ပါတဲ့။သန့်ဇင်ဖြိုးဆိုတော့ နာမည်ကောင်းပဲ လို့ပြောပြီး။ ပြီးတော့သူကို 
သြကာသတို့ ငါးပါးသီလ ဘုရားဂုဏ်တော် တရားဂုဏ်တော် သံဃာ့ ဂုဏ်တော် 
စတာတွေသင်ပေးပြီး သူငြီးငွေ့မယ်ထင်လို့ “ သား.. ကဗျာဆိုမလား”  ဆိုတော့ 
ဝမ်းသာအားရနဲ့ ဆိုမယ်လို့ပြောတယ်။ ဒါနဲ့နှုတ်ထဲမှာ တိုးနေတဲ့ ကဗျားလေးကို 
ရေးပြီးရှေ့က တိုင်ပေးလိုက်တယ်။ 
“အနေလည်းကောင်း စိတ်လည်းကောင်း၍ ၊
ကောင်းကောင်းပညာ တတ်မှသာ ငါဟာကြီးပွါးမည်။
အနေမကောင်း စိတ်မကောင်းနှင့်၊ 
ကောင်းကောင်းပညာ မတတ်ပါ၊
ငါဟာဆုပ်ယုတ်မည်။”
 ဒီကဗျာလေး
 တစ်ခေါက်တိုင်ပေးပြီး။ ပြီးပြီးချင်းပဲ ကလေးက“ သားဖေဖေ နဲ့ မေမေက 
အဲ့ဒါကြောင့် ဆင်းရဲတာဖြစ်မယ် ဟုတ်လားဘုန်းဘုန်း…..” တဲ့ 
ရုတ်တရက်ကြားလိုက်ရတော့ စိတ်ထဲမှာ ဇနှိုးဇနောင့်တော့ ဖြစ်သွားမိတယ်။ 
ဒီကလေးဘယ်လို ကလေးပါလိမ့် ဒီအရွယ်လေးနဲ့ မိဘကိုဝေဖန်ချင်ရတာလဲ ဆိုပြီး။ 
စိတ်ထဲမှာ သိပ်မနှစ်မြို့ဖြစ်မိတယ်။ “သား မိဘတွေက ဘယ်လိုဖြစ်လို့လဲ ” လို့ 
မေးကြည့်လိုက်တဲ့ အခါမှာတော့ ….
“ ဖေဖေက မိုးလင်းကနေ မိုးချုပ်ထိ 
အရက်သောက်တယ်။ မေမေက နှစ်လုံးထီ ထိုးတယ် ချဲထိုးတယ် ညဆို အိမ်ပြန်မအိပ်ပဲ 
ဖဲရိုက်တယ်” လို့ ကလေးက ပြောတော့ သူပြောတာကို သိပ်လက်မခံချင်ခဲ့၊ 
ဖခင်တွေအရက်သောက်တာ သိပ်မထူးဆန်းဘူး၊ အမေ နှစ်လုံးထီ ထိုးတယ် ချဲထိုးတယ် 
အဲ့ဒီထိလည်း လက်ခံလို့ရတယ်။ ဒါပေမယ့်   မိခင်ကို ဖဲရိုက်တယ်ပြောတော့ 
စိတ်ထဲမှာ မကြိုက်မိသလိုဖြစ်မိတယ်။ (အကယ်၍ အမေက ဖဲရိုက်တာမှန်တယ်ဆိုရင် 
ဆိုတဲ့အတွေး)  ကလေးကို ဖြောင့်ဖြတဲ့ အနေနဲ့ “ သား   မိဘတွေကို 
မဟုတ်တာမပြောရဘူး သားရဲ့မဟုတ်တာပြောရင် လိမ်တာပဲလေ.. ” စသည်ဖြင့် 
အကျိုးအကြောင်း ရှင်းပြတယ်။ ဒါပေမယ့် ကလေးက  “ ဘုန်းဘုန်းကလည်း သားက 
ဟုတ်တာပြောတာကို သားလိမ်မပြောပါဘူး မေမေဖဲရိုက်တဲ့နောက် သားတောင် ခဏ ခဏ 
လိုက်ရတယ်။ အဲ့ဒီမှာ ပိုက်ဆံတွေလဲ အများကြီးပဲ ” တဲ့(ဒီစကားကို ကြားမိတော့ 
မိတွေကိုပဲ သင်တန်းအရင် ပေးရရင်ကောင်းမယ် လို့တောင်တွေးမိသေးတယ် 
စေတနာတွေပါ)၊ ကဲ…… ဒီလိုဆိုတော့ ကလေးရဲ့ အမေးကိုဘယ်လို ဖြေမလဲ“ Yes” 
ဟုတ်တယ် အဲ့ဒါကြာင့် သားမိဘတွေ ဆင်းရဲနေတာ လို့ပဲ ဖြေလိုက်ရမလား၊ 
စဉ်းစားလေလေ အတွေးက ကြပ်လေလေ ဖြစ်ခဲ့ရတယ်။ အကယ်၍ ဟုတ်တယ်လို့ 
ဖြေလိုက်ပြန်ရင်လည်း ကလေးက မိဘတွေအပေါ်မှာ အထင်သေး အမြင်သေးဖြစ်မယ်၊ 
မပြစ်မှားသင့်တာတွေကို ပြစ်မှားပြီး မိဘတွေကို မရိုမသေတွေ ဆက်ဆံ ခြင်းစသည့်
 မကောင်းကျိုးတွေ ဖြစ်လာမှာလည်းစိုးရသေး ။ အဲလို မဟုတ်ပဲ “ No ” 
အဲဒါတွေကြောင့် မဟုတ်ဘူးလို့ ပြောလိုက်ပြန်ရင်လည်း ကလေးကလဲ ဒီလမ်းစဉ်ကို 
လိုက်သွားနိုင်တယ်။ ပြီးတော့ ကိုယ်သင်ပေးတဲ့ ကဗျာကလဲ အမှားဖြစ်တော့မယ်။ 
ဒီကိစ္စလေး တွေကို ရေရေလည်လည် ရှင်းပြမယ်ဆိုပြန်တော့လည်း ကလေးက 
ငယ်သေးတဲ့အတွက်ကြောင့် အဲ့ဒီလောက်အထိနားလည် နိုင်တဲ့ ဥာဏ်လည်းရှိဦးမယ် 
မထင်သေး ဒါကြောင့် ရှည်ရှည်ဝေးဝေး ပြောမနေပဲ ကဗျာကိုသာ နှုတ်တိုက် 
အလွတ်ရအောင် ချပေးပြီး  အဖြေမရှိတဲ့ “Question” အတွက် ဒီကဗျာလေးကို 
သူ(ကလေး)ရထားပြီဆိုရင်တော့ ကြီးလားတဲ့အခါ သူတွေးတတ်ရင် အဖြေမှန် 
ထွက်လိမ့်မယ်လို့ မျှော်လင့်ရင်း……..။ 

0 comments:
Post a Comment