Friday, November 8, 2013

လွမ်းစရာအလွဲများ

                              လွမ်းစရာအလွဲများ
                                                    ရေးသူ-မိုးပြာ
        တုံ..တုံ..တုံ..တုံ..ပီသကြည်မြလှတဲ့ငါ့လက်သံ ဘ၀ဂ်ထိညံအောင် 
ရိုက်ဆော်ကာတီးလိုက်မယ် လာလေရော့လဟယ်...တုံ..တုံ..တုံ...။
       ကျနုပ်သည် ရွာဦးကျောင်းကအုန်းမောင်းကို အားရပါးရတီးနေခြင်း
ဖြစ်သည်။အုန်းမောင်းသည် ဓမ္မဂီတတစ်မျိုးဖြစ်သည်။တီးသူကောင်းလျှင်
ကောင်းသလောက် နားထောင်လို့ကောင်းလှသည်။သဒ္ဒါတရားတွေကို
လှုပ်နိုးစေနိုင်သည်။မြန်မာတို့၏ရိုးရာဓလေ့ကို ဖော်ကြူးရာရောက်သည်။
        အချို့အရပ်ဒေသတွင်..အုန်းမောင်းခေါက်သံကို နားထောင်ပြီး
ရက်၊လ၊နှစ်များကိုသိနိုင်သည်။ရှေးယခင်မှစ၍ ယခုတိုင်အောင်မြန်မာလူ့
အသိုင်းဝိုင်းတွင်အုန်းမောင်းသည်နေရာယူလာခဲ့သည်မှာ ခေတ်အဆက်
ဆက်ဖြစ်သည်။အုန်းမောင်းကိုနားထောင်ပြီး အလုပ်ဝင်သည်။ယာတောသွား
သည်။ဆွမ်းချက်သည်။စသည်စသည်ဖြင့်....များပြားလှပေသည်။
         မြန်မာလူမျိုးကို အချိန်မလေးစားဟု ပြောသူတို့ရှိပါသည်။မြန်မာတို့
သည် အချိန်မလေးသားခြင်းမဟုတ်။စက္ကန့်မိနစ်များကြားတွင်အံမ၀င်သေး
ခြင်းသာဖြစ်ပါသည်။ရှင်းပေအံ့...နေထန်းတဖျား၊နေမွန်းတည့်၊မွန်းတိမ်း၊
နေ၀င်ရီတရော၊သက်ကြီးခေါင်းချ၊သန်းခေါင်ကြက်တွန်သံ၊လင်းကြက်တွန်သံ          
စသည်ဖြင့် ကျင်လည်ခဲ့ပေရာ မိနစ်စက္ကန့်တို့နှင့်မရင်းနှီးသေးပေ။ထိုအခြေနေ
ကိုနားမလည်ပဲ အပြစ်တင်မစောစေချင်။
       ထားတော့..။ကျနုပ်သည်တကယ့်အချက်ခြာကျလှသော လုပ်ငန်းကြီး
ကိုလုပ်နေခြင်းဖြစ်တော့သည်။ပီသကြည်မြလှသောလက်သံတို့ဖြင့်
အပီသမနေသည်။ကျနုပ်၏လက်သံကို သိပ္ပံမောင်ဝ၏ ရွာ့ကျက်သရေထဲ
တွင် ထည့်ပြီးတခမ်းတနားပင်ရေးလိုက်ချင်သေးတော့သည်။
        နောက်ပြီးဆိုင်သည်မဆိုင်သည် အပထား၍ စိန်ဗေဒါကြီး၏လက်သံ
အဘယ်သို့ရှိလိမ့်မည်နည်းဟုကျနုပ်၏ အုန်းမောင်းလက်သံနှင့်နှိုင်းယှဉ်
စဉ်းစားနေမိပြန်သည်။
           အုန်းမောင်းကြီးသည်ကြီးလွန်းလှပေရာ.ကျနုပ်တို့လိုကိုရင်
ငယ်နှစ်ပါးဖက်ပါမှ ဟိုဘက်သည်ဘက်မှီ်ပေမည်။ထိုမျှကြီးမားလှသော
အုန်းမောင်းကို အားနှင့်လွှဲပြီး တအားတီးပါမှ မည်သံကျယ်ပြီးနားထောင်၍
ကောင်းသည်။
           ထိုနေ့နံနက် ကျနုပ်တို့နေထိုင်သီတင်းသုံးရာ ရွာကလေးသည်
 အုန်းမောင်းခေါက်သံနှင့်အတူ လှပနေသည်ဟုပင် ကျနုပ်အထင်ရှိလှသည်။
       အုန်းမောင်းခါက်အပြီိး ဘုန်းကြီးအခန်းဆီမှ ခေါင်းလောင်းလှုပ်သံ
ကြားရသည်။ဘုန်းကြီးသည် ခိုင်းစရာပြောစရာရှိလျှင် ခေါင်းလောင်းလေး
လှုပ်ပြီး ကိုရင်တပါးပါးကိုခေါ်တတ်သည်။ ယခုချိန်သည် စာအံကျောင်း
ဆင်းချိန်။စာအံသိမ်းချိန်ပေတည်း။
     အုန်းမောင်းခေါက်ပြီး ကျောင်းပေါ်သို့တက်လာရာ ကိုရင်တပါးက
က ဘုန်းကြီးခေါ်ကြောင်းလာပြောသည်။ဘုန်းကြီးရှေ့ရောက်တော့
ဘုန်းကြီးဘာပြောမလဲဟုဝတ်ပြုရင်းစောင့်နေသည်။
    ဘုန်းကြီးသည်လျောင်းနေရာမှ ထိုင်ပြီး''ခေါင်းတီးတာမင်းလား"
ဟုမေးလာသည်။ ကျနုပ်လည်းပီသကြည်မြလှသော ကျနုပ်၏အုန်းမောာင်း
သံအတွက် ချီးမွန်းခန်းဖွင့်လိမ့်မည်အထင်ကတစ်ကြောင်း အုန်းမောင်းတီးသူ
မှန်နေသည်ကလည်းတစ်ကြောင်းကြောင့်" တင်ပါ့ဖယား"ဟု ပြန်လည်
လျှောက်တင်လိုက်သည်။
       မေးခွန်းကားမပြီးသေး ဆက်မေးလာပြန်သည်။''ဘယ်နှစ်နာဆိုတီး
နေကျလဲ" မေ့တတ်လိုက်တာဘုန်းကြီးရာဟု ပြောချင်မိသသည်။
မပြောရဲ။" မနက်ကိုးနာရီပါဘုရား" ပြန်လျှောက်လိုက်ရသည်။
      ဘုန်းကြီးကခေါင်းညိမ့်ပြီး ခု ဘယ်နှစ်နာရီလဲ ဟုပြောရင်းတိုင်ကပ်
နာရီကို လက်ညှိုးထိုးပြသည်။ကြည့်လိုက်တော့ ခေါင်းနားပန်းကြီး
သွားတော့သည်။ယခုမှ ၈ နာရီပဲရှိသေးသည်။ကိုးနာရီမှထိုးရမည့်အုန်း
မောင်းကို ရှစ်နာရီမှာသွားထိုးမိခြင်းဖြစ်သည်။
    ဘုန်းကြီးသည်''မအေပေး လာခဲ့ မှောက်စမ်း" ဟုဆိုကာ ဒီပင်္ကရာ
မြတ်စွာဘုရားခြေတော်ရင်းတွင် မိမိကိုယ်ကို တံတားသဖွယ်ပြုလုပ်နေ
သောသုမေဓါ ရှင်ရသေ့ကဲ့သို့မှောက်နေရသော ကျနုပ်ကို ဗျာဒိပ်တော်
မဟုတ်ပဲ ကြိမ်တံဗြာကို ကြာငါးခိုင်နှင့်ဂဏန်းတူ ငါးမြွေကင်ငါးကောင်
ကြွေးထဲ့လိုက်ရာအီဆလံဝေ သွားတော့သည်။ဘုန်းကြီး၏လက်သံသည်
ကျနုပ်၏ကြည်မြပီသလှသောအုန်းမောင်းသံထက်အပြတ်အသတ်သာသည်ကို 
ကျနုပ်မငြင်းနိုင်ပါပေ။ ကျနုပ်အုန်းမောင်တီးမှား၍ အရိုက်ခံရသော်လည်း
စိန်ဗေဒါကြီး ဆိုင်းတီးမှားတော့ အရိုက်ခံရလားဆိုသည်ကို ရိုက်ခံရသော
အရှိုးရားများကို မျက်နှာရှုံ့ ပွတ်သပ်ရင်းတွေးနေမိတော့သည်။

Author Box

Hi, We are templateify, we create best and free blogger templates for you all i hope you will like this lightly template we have put lot of effort on this template, Cheers, Follow us on: Facebook & Twitter

  • Share to Facebook
  • Share to Twitter
  • Share to Google+
  • Share to Stumble Upon
  • Share to Evernote
  • Share to Blogger
  • Share to Email
  • Share to Yahoo Messenger
  • More...

0 comments:

Post a Comment