|
|
မေဓိကာရာမ စာသင်တိုက်ဟာ ကချင်ပြည်နယ်၊ဖားကန့်မြို့နယ်၊ လုံးခင်း ရွာမှာ တည်ရှိပါတယ်။ မေဓိကာရာမစာသင်တိုက် အကြောင်းမပြောခင် လုံးခင်း အကြောင်းပြောပါရစေ။
လုံးခင်း ဟာ ဖားကန့် မြို့မရောက်မီ ၂ မိုင်ခန့်အလိုမှာ တည်ရှိတာမို့ ဖားကန့်မြို့ကို ကားနဲ့သွားပါက လုံးခင်း ကို အရင်ရောက်ပါတယ်။ လုံးခင်းကားဂိတ်မှာ ခေတ္တ ကားရောလူပါ အနားယူပြီးမှ ဖားကန့်မြို့ဆီ ခရီးဆက်လေ့ရှိပါတယ်။ လုံးခင်းရောက်ရင် ဖားကန့်ရောက်ပြီလို့ ခရီးသည်များ မှတ်သားတတ်ကြပါတယ်။ဒါကြောင့် ဖားကန့်မြို့ကို ရောက်ဖူးသူတိုင်း လုံးခင်း ကို သိကြပါတယ်။ လုံးခင်းဆိုတဲ့ စကားဟာ လုံးခန့် ဆိုတဲ့ ရှမ်းစကား ကနေ ပြောင်းလဲလာတာလို့ သိရပါတယ်။
လုံးခင်းရွာဖြစ်လာရခြင်း အကြောင်းက ရှမ်းသမိုင်း နဲ့ တစ်စိတ်တဒေသ ဆက်စပ်နေပါတယ်။ ၁၂၄၅ ခုနှစ်က ဦးရူး (၁၀ ) ရွာ ဆိုတာ ရှိပါတယ်။ ကြည်း (၆) ရွာ၊ ကုန်း (၄) ရွာ ပေါင်းထား တဲ့ ဒီ (၁၀) ရွာရဲ့ အကြီးအကဲနာမည်ကို ဦးရူး လို့ ခေါ်ပါတယ်။ သူအုပ်ချုပ်တဲ့ ရွာတွေကို ဦးရူး (၁၀) ရွာ လို့ခေါ်ပါတယ်။ ဒီရွာတွေကတော့ (ကုန်း-၄-ရွာ) ဦးရူး၊ကွမ်းဟဲ၊ဆယ်ဇင်း၊ ရွှေတွင်း တို့ဖြစ်ပါတယ်။ (ကြည်း-၆-ရွာ) ကတော့ မာန်တန်၊လယ်ဆင့်၊မှော်နွဲ့၊မာန်တဲ၊ဖာတင်၊မာန်စိမ်း တို့ဖြစ်ပါတယ်။
ဒီ (၁၀)ရွာကို ဦးရူး က အုပ်ချုပ်တာပါ။ ဦးရူး ရွာအနားက စီးဆင်းတဲ့ချောင်း ကို ဦးရူးချောင်း လို့ခေါ်ပါတယ်။ နောက်ကာလကြာတော့ ဥရုချောင်း လို့ ခေါ်ကြပါတယ်။ ရှမ်းမင်းသား ငလတ် နဲ့ ငဝ တို့ နှစ်ယောက် က လွယ်ဆယ်ဖ တောင်တန်းမှာ ရှိတဲ့ စောမူ နဲ့ စောအပ်တို့ကို တောင်တန်းမင်းကြီး အရာခန့်အပ်ပြီး တော့ ကျားဟုံကို အလံကိုင်အရာထား နောက်လိုက် နောက်ပါ လူတစ်ထောင်နဲ့ ဦးရူး (၁၀) ရွာမှာ သူပုန်ထကြပါတယ်။
ဒီ (၁၀) ရွာကနေ စတင်ခဲ့တဲ့ ရှမ်းသူပုန်အရေးအခင်းမှာ လောဆွန့်တိုက်သူကြီး ဦးအောင်ဖ က လောဆွန့် ဂိုဏ်းချုပ်ဆရာတော် ဦးဝဏ္ဏာဘိဓဇ ကို “ဆရာတော် အခုစစ်ပွဲဟာ မိုးညှင်း၊မိုးကောင်း၊ဝန်းသို၊ဗန်းမော် အထိတိုက်ပြီး ဗန်းမော်မှာ နန်းစိုက်ပါမယ်။ အဲဒီကနေ ဆက်လက်ပြီး အောက်ခွင်ဒေသ မန္တလေးအထိ တိုက်ခိုက်ပြီး မင်းဧကရာဇ် အဖြစ်ကို ခံယူပါမယ်ဘုရား။ ဆရာတော်ကို နန်းဦးဆရာတော် အဖြစ်တင်မြောက် ကိုးကွယ်ပါမယ်။ ဒါကြောင့် စစ်ပွဲမှာ ဆရာတော် ကိုယ်တိုင် တပ်ဦးကနေ ချီတပ်ပေးပါ ဟု လျှောက်ပါတယ်။ ဒီတော့ လောဆွန့် ဂိုဏ်းချုပ်ဆရာတော်က စဉ်းစားပါဦးမယ် လို့ ဦးအောင်ဖကို ပြောကြားလိုက်ပြီး ညအခါဆရာတော်က
တပည့်ရဟန်းတွေနဲ့ အတူ စစ်ပွဲကို ရှောင်တဲ့အနေနဲ့ နန့်ဖမ်းခမ်းစမ်းရပ် လမ်းအတိုင်း တိတ်တဆိတ် ထွက်ခွါခဲ့ကာ ကံဆီးနယ် ဝလောင်ကုန်း သိန်းဖော ကချင်ရွာမှာ ကြွရောက်သီတင်းသုံးနေုထိုင်ခဲ့ ပါတယ်။ ဆရာတော်ကြီးရဲ့ နောက်ပါတပည့်များထဲမှာ နောင်အခါ လုံးခင်းဆရာတော်ဖြစ်လာမယ့် ဦးဥာဏိန္ဒ လည်း တစ်ပါးပါလာခဲ့ပါတယ်။ လောဆွန့်ဂိုဏ်းချုပ်ဆရာတော်ဝလောင်ကုန်းမှာ
ကြွရောက်သီတင်းသုံး နေထိုင်ကြောင်း သိရတဲ့ ကံဆီးစော်ဘွား ကံဆီးနောင် က ဆရာတော်အထံ လာရောက် တွေ့ဆုံဖူးမြှော်ကာ ပစ္စည်း ၄ ပါးတို့ကို လှူဒါန်းခဲ့ပါတယ်။ အဲဒီနောက် ရန်သူ သူပုန်
အတွက် ဘာမှ ပူပန်စရာမလို ငြိမ်းချမ်းစွာ သီတင်းသုံး နေထိုင်နိုင်ပါကြောင်းလျှာက်ထားခဲ့ပါတယ်။
မိုးကောင်းမြို့ဝန် စစ်ကဲတို့က ဦးရူး (၁၀) ရွာ သူပုန်ကိစ္စကို ဘုရင့်အထံ သံတော်ဦးတင်တဲ့အခါ သီပေါ ဘုရင်မင်းမြတ်က ဗိုလ်မာရင်ဘင် ဦးစီးတဲ့ ဘုရင်စစ်သည်တော်တွေကို ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်စေပြီး သူပုန်ရန်ကို နှိမ်နင်းဖို့ စေလွှတ်ခဲ့ပါတယ်။ဘုရင့်စစ်သည်တော်များ မိုးကောင်း
ရောက်တော့ ရှမ်းသူပုန်တွေဟာ အင်းတော်ကြီးဘက် ဆုတ်ခွါ သွားကြပါတော့တယ်။ နောက်တော့ အချင်းချင်း စိတ်ဝမ်းကွဲပြီး သူပုန်တပ်ပျက်ခဲ့ပါတယ်။ အင်းတော်ကြီးဘက်ရောက်လာတဲ့ တချို့
သူပုန်များကိုလည်း မောရိယမဟာဝံသ သီရိသုဓမ္မာ ရာဇာ ဘွဲ့ထူးရ ဝန်းသိုလ်စော်ဘွား ဦးအောင်မြတ်ထွက် ကိုယ်တိုင် တိုက်ခိုက်နှိမ်နင်းတာမို့ သူပုန်ရန်ဘေးဟာ ပြီးဆုံးသွားပြီး နန့်တိန်း ဘေးဝဲယာရှိ နယ်သူ/ နယ်သားတွေဟာ အေးချမ်းသာယာစွာ နေထိုင်ခဲ့ကြပါတယ်။
လောဆွန့်ဂိုဏ်းချုပ်ဆရာတော် ဘုရားကြီးဟာ နန့်တိန်းအင်းတော်ဒေသ ငြိမ်းချမ်းသာယာတာကို သိတဲ့အခါ နေရင်းဌာနကို ပြန်ကြွမယ့်အကြောင်း ကံဆီးစော်ဘွားအထံ လူလွှတ်အကြောင်းကြား
လိုက်ပါတယ်။ ကံဆီးစော်ဘွားလည်း နီးစပ်ရာ သူကြီးများကိုခေါ်ကာ ဆရာတော်အထံလာရောက် ဖူးမြော်ပါတယ်။ ထိုအခါ ကံဆီးစော်ဘွားက ဝလောင်ကုန်း သူကြီးနဲ့ နီးစပ်သူများကို တိုင်ပင်စေပြီး လုံးခင်းရွာ၌ ရဟန်းတစ်ပါးပင့်ထားရန် ညှိနှိုင်းကာ သဘောတူခဲ့ ကြပါတယ်။
အဲဒီနောက် လောဆွန့်ဂိုဏ်းချုပ် ဆရာတော်ဘုရားကြီးအထံ လုံးခင်းရွာ သာသနာထွန်းကား
ပြန်ပွားစေဖို့ရဟန်းတစ်ပါးကိုးကွယ်ခွင့်ပေးပါရန် လျှောက်ထားတောင်းပန်တဲ့အခါ ဂိုဏ်းချုပ်
ဆရာတော်ဘုရားကြီးက ဝမ်းသာအားရ သာဓု သုံးကြိမ်ခေါ်ဆိုပြီး တပည့်ဖြစ်တဲ့ အရှင်ဥာဏိန္ဒ
ကိုလက်ညှိုးထိုးပြီး သူကိုပဲထားခဲ့မယ် လို့မိန့်တော်မူပြီးနောက်လောဆွန့်ရွာကို ပြန်ကြွသွား
ပါတယ်။
လုံးခန့်
ဝလောင်လူမျိုးတို့ စရိုက်ကကြမ်းတမ်းကြပါတယ်။ အသက်မွေးဝမ်းကျောင်းဆိုလို့ မယ်မယ်ရရမရှိ ဖြစ်သလိုနေ ကြုံသလိုစား ဘဝမျိုးနဲ့ ကျင်လည်နေထိုင်ကြပါတယ်။ ချောင်းကြို ချောင်းကြားမှာ ငါးရှာခြင်းဟာ သူတို့ရဲ့ အဓိက လုပ်ငန်းတခုဖြစ်ပါတယ်။
ဝလောင်လူမျိုးတွေဟာ ဦးရူးချောင်း (အခု လုံးခင်းကျောင်းရှေ့ရှိ ချောင်း) ကို ဆည်ပိတ်ကာ ငါးရှာဖွေစားသောက်ကြပါတယ်။ ရှမ်းအခေါ်အဝေါ် လုံးခန့်(လုံး-ဆင်း။ ခန့်- ဆည်။) ရှေ့ဆက်သွားရင် ဆည်တွေ့မယ် ဆိုတဲ့ လမ်းညွှန်စကား လုံးခန့် ကနေ ဒီနေ့အခေါ်အဝေါ် လုံးခင်းဖြစ်လာပါတယ်။
လုံးခင်းပထမဆရာတော်
မူလလုံးခင်းရွာဟာ အခုနေရာမှာတည်ရှိတာ မဟုတ်ပါဘူး။ လုံးခင်းအရှေ့ဘက်ကမ်း လယ်ပြင်ရွာအနီး ဖန်ခါးဆောင်နေရာမှာ တည်ရှိခဲ့တာဖြစ်ပါတယ်။ အဲဒီနေရာမှာ ဗုဒ္ဓဘာသာ ကချင်စော်ဘွားမျိုး ၅ အိမ်လောက်နဲ့ ဆရာတော် ဦးဥာဏိန္ဒ ဟာ ၁၂၄၆ ခုနှစ်မှာ စတင်သာသနာပြုခဲ့ပါတယ်။ ၁၂၆၂ ခုနှစ် အခုတည်ရှိတဲ့ ဒုတိယ လုံးခင်းရွာ ကိုတည်ထောင်းပြီး ရွှေ့ပြောင်းကာသာသနာပြုခဲ့ပါတယ်။လုံးခင်းဆရာတော် ဦးဥာဏိန္ဒ ဟာ သာသနာပြုခဲ့ ပြီး ဆရာတော် ဦးဂေါဝိန္ဒ (နောင်အခါ မမုံ+ဖားကန့် ဆရာတော်) ဦးပညာ စသောရဟန်းတပည့်များနဲ့ သာသနာတိုးတက် စည်ပင် ဝေဖြာနေချိန် ၁၂၆၉ ခုနှစ်မှာ တပည့် အရှင်ပညာအား လုံးခင်းကျောင်းကို လွှဲအပ်ကာ လူ့ဘောင်ရပ်ထံ ခိုလှုံခဲ့ပါတယ်။
လုံးခင်းဒုတိယဆရာတော်
လုံးခင်းဒုတိယဆရာတော် ဦးပညာဟာ မော်လူးဇာတိဖြစ်ပါတယ်။လူအမည်ဆရာအောင်ဖြစ်သည်။၁၂၆၉ ခုနှစ်မှ စတင်ကာ လုံးခင်းသာသနာတော်ကို ပြုစုပျိုးထောင်ပေးခဲ့ပါတယ်။၁၂၇၄ ခုနှစ်မှာ ဦးဝါယမ အား လွှဲအပ်ကာ လူ့ဘောင်ရပ်ဌာန် ခိုဝင်သွားခဲ့ပါတယ်။
တတိယလုံးခင်းဆရာတော်
ဆရာတော် ဦးဝါယမ ဟာ (၁၂၇၄-၁၂၇၆) လုံးခင်းကျောင်းတိုက်မှာ ၂ ဝါမျှသာ သီတင်းသုံးပြီး ၁၂၇၆ ခုနှစ် ပြာသိုလ်လ အင်းတော်ကြီး နန့်ပတဲကျောင်းမှာ သိက္ခာချခဲ့ပါတယ်။ လုံးခင်းကျောင်းကို တပည့် အရှင်နန္ဒမာလာ ကို တစ်ဖန် လွှဲအပ်ခဲ့ပါတယ်။
စတုတ္ထ လုံးခင်းဆရာတော်
ဆရာတော် ဦးနန္ဒမာဟာ အာစရိယပရမ္ပရ အဆက်ဆက်သာသနာပြုတော်မူခဲ့တဲ့ လုံးခင်းကျောင်းတိုက်မှာ ၁၂၇၆ ခုနှစ်မှ စတင်ကာ သာသနာပြုတော်မူခဲ့ပါတယ်။
ကံဆီးဆရာတော်ရဲ့ စေတနာ
ကျေးဇူးတော်ရှင် လောဆွန့်ဂိုဏ်းချုပ် ဆရာတော်ဘုရားကြီးက “ကျောက်စိမ်းတွင်းသာသနာကို လုံးခင်းညီတော် အရှင်ဥာဏိန္ဒ နဲ့ တိုင်ပင်ကာ ပြုစုပါ” လို့ ထပ်ခါတလဲတလဲမိန့်မှာချက် စကားရပ်ကို လက်ျာဂိုဏ်းထောက် ပုညာဘိဓဇ ကံဆီးဆရာတော် ရဲ့နားမှာပြန်လည်ကြားယောင်နေပါတယ်။ သို့သော် ညီတော် အရှင်ညာဏိန္ဒ နဲ့ သူတို့ရဲ့ တပည့်အစဉ် အဆက်ဟာ ဆက်ကာဆက်ကာ လူဝတ်လဲခဲ့ကြတယ်။ဒီအတိုင်းသာ ခဏခဏဖြစ်နေပါက သာသနာတော်ရဲ့ အကိုင်းအခက်တို့ဟာ ကင်းပြတ်တော့မယ်။အနာဂါတ်သာသနာအတွက် အရှင်ဝါယမ လူထွက် မောင်ဘိုးညွန့်ကို သာသနာဘောင် ပြန်လည်တက်ရောက်စေဖို့ တရားပြနားချရန် သူ့မှာ တာဝန်ရှိတယ်လိှု့နှလုံးပြုကာ ကံဆီးကနေ လုံးခင်း ဆီသို့ ကြွလာခဲ့ပါတယ်။ လုံးခင်းရောက်တဲ့အခါ ရဟန်းလူထွက် မောင်ဘိုးညွန့် ရဲ့မိခင် ဒေါ်ကြံ ကို အကျိုးအကြောင်းပြောပြ သောအခါ ဒေါ်ကြံက “ အရှင်ဘုရား ၏ တပည့်အား အရှင်ဘုရား စိတ်ကြိုက်သလို စီမံတော်မူပါဘုရား” ဟု လျှောက်ထား ခဲ့ပါတယ်။
နောက် မောင်ဘိုးညွန့််ကို ဟောပြောပြသ ဆုံးမရာ မောင်ဘိုးညွန့်က သူတစ်ဦးတည်း သင်္ကန်းမဝတ်ချင် သူငယ်ချင်း မောင်ဘိုးလှ ပါ သင်္ကန်းဝတ်ရင် ပြန်ဝတ်ပါ့မယ် လို့ လျှောက်ထား ချက်ကြောင့် မောင်ဘိုးလှ ကိုပါ သင်္ကန်းဝတ်ဖို့ တိုက်တွန်းရပါတော့တယ်။သင်္ကန်းဝတ်ဖို့ အားလုံး သဘောတူ ကတိပြုပြီး နောက် တစ်ရက်မှာကံဆီးဆရာတော်ဘုရားကြီးဟာ မောင်ဘိုးညွန့် နဲ့
မောင်ဘိုးလှတို့ကို ခေါ်ပြီး မန္တလေးသို့ ဘုရားဖူးသွားခဲ့ပါတယ်။
ဘုရားဖူးရင်းသိက္ခာထပ်
မောင်ဘိုးညွန့်+မောင်ဘိုးလှ တို့ကို မန္တလေးမြို့ တုတ်လမင်း (တုတ်လှမ်း) တိုက် ခဏ္ဍသိမ်၌ ဦး န္ဒာစာရကို ဥပဇဈာယ်ပြုကာ လက်ယာကမ္မဝါစာ ဆရာ ဦးဇယန္တ၊ လက်ဝဲကမ္မဝါစာဆရာ ဦးစန္ဒ၊ကာရက သံဃာ သုံးကျိပ်ကျော် တို့က ချီးမြှောက်တာမို့ ၁၂၇၈ ခု၊ နယုန်လဆန်း၊၁၃ ရက်၊ အင်္ဂါနေ့နံနက် ၅ နာရီ အချိန် ရဟန်းအဖြစ်သို့ ရောက်တော်မူခဲ့ပါတယ်။ ၁၂၇၈ ခုနှစ်မှာ ဦးဝါယမ (မောင်ဘိုးညွန့်) ဟာ ကံဆီးဆရာတော် နဲ့ အတူ ကံဆီးကျောင်းတိုက် ၌ ဝါဆိုဝါကပ်ခဲ့ပါတယ်။၁၂၇၉ ခုနှစ် ဝါဆိုလဆန်း ၁၃ ရက်နေ့၌ လုံးခင်းသို့ အလည်လာခဲ့ရာ လက်ရှိဆရာတော် ဦးနန္ဒမာလာ က “ တပည့်က သိက္ခာကြီး၊ ဆရာက သိက္ခာငယ်” ဟုဆိုပြီး နဂိုကလည်း ဆရာ့ကျောင်း၊အခုလည်း ဆရာ့ကျောင်း လို့ သဘောပိုက်ကာ သီတင်းသုံးပါ၊ တပည့်တော်မှာ လည်း မပျော်တော့၍ လူထွက်ပါတော့မယ် လို့ လျှောက်ထားပြီး အရှင်ဝါယမ အထံ လုံးခင်းကျောင်း ကို ပြန်အပ်ကာ အရှင်နန္ဒမာလာ သိက္ခာချ လူဝတ်လဲခဲ့ပါတယ်။
ပဉ္စမမြောက်လုံးခင်းဆရာတော်
လုံးခင်းဆရာတော်လောင်းလျာ မောင်ဘိုးညွှန့်ကို ၁၉၅၃ တန်ဆောင်မုန်းလဆန်း ၁၂ ရက်၊ဗုဒ္ဓဟူးနေ့ နေ့ ၁ နာရီ အချိန် ခမည်တော် ဦးတိုး၊ မယ်တော် ဒေါ်ကြံတို့မှ တော်မှော်ကျေးရွာတွင်
မီးရှူးသန့်စင်ဖွားမြင်ပါတယ်။
ဆရာတော် ဦးပညာကို ဥပဇ္ဈာယ်ပြုကာ ရဟန်းဘောင်ဝင်ရောက်ခဲ့ပါတယ်။ ရဟန်း ၂ ဝါအရ
လုံးခင်းကျောင်း ကျောင်းထိုင်အဖြစ်
သာသနတာဝန်ကို ထမ်းဆောင် ပြီး ၁၂၇၆၊ပြာသိုလ မှာ သိက္ခာချ ခဲ့ပါတယ်။ အဲဒီနောက် ကံဆီးဆရာတော်ဘုရားကြီးရဲ့
မေတ္တာရပ်ခံ နိဗ္ဗာန် လမ်းညွှန်ပြမှုဖြင့် ၁၂၇၈ ခု၊ နယုန်လမှာ ရဟန်းဘောင်ပြန်လည် ဝင်ရောက်ခဲ့ပါတယ်။
၁၂၈၁ ခု၊ လုံးခင်း ဝတ်ပွဲမှာ ဥရုချောင်း နဒီသိမ်တွင် ကံဆီးစော်ဘွား ဆင်ဝါးနောင် စော်ဘွားကတော်
ဂျတောင်တို့၏ ပစ္စယာနုဂ္ဂဟ ကိုခံယူကာ ပုနောပသမ္ပဒါ မင်္ဂလာ ဆင်ယင်ခဲ့ပါတယ်။
၁၃၀၃ ခု၊တန်ဆောင်မုန်း လဆန်း ၁၅ ရက်၊တနင်္ဂနွေနေ့၊နေ့ ၁ နာရီ ၆ မိနစ်အချိန်
မိုးကောင်းဂိုဏ်းအုပ်ဆရာတော် ဦးအာသဖ (သောင်ဦး) ၊ ဂိုဏ်းထောက်ဆရာတော် ဦးအာစာရ (ညောင်ပင်)
တို့ကို အမှူးထားကာ ရှစ်ကျောင်းဂိုဏ်း မိုးကောင်းသံဃာ နှင့် နန့်တိန်း၊ အင်းတော် ဝဲ-ယာ
သံဃာတော် တို့က လုံးခင်း ဆရာတော် ဦးဝါယမ ကို လက်ဝဲဂိုဏ်းထောက်အဖြစ် ခန့်အပ်တော်မူကြ
ပါတယ်။
ဆရာတော် ဦးဝါယမဟာ ၁၂၈၂ ခုနှစ်၊ လယ်ပြင်တောရ၊၁၂၉၂ ခုနှစ်မှ စ၍ ပျံလွန်တော်မူသည် အထိ ရတနာဂီရိတောင် (မှော်စီစာ) တောရကျောင်း တို့မှာ
အရညကဓူတင်ဆောက်တည်ပြီး တရားဘာဝနာတို့ကို ကျင့်ကြံတော်မူခဲ့ပါတယ်။
ပဉ္စမမြောက်လုံးခင်း ဆရာတော် ဦးဝါယမ ပုံတော်
အံ့ဖွယ်ရာများ
ဆရာတော်ကြီး ရဲ့ သီလဂုဏ်
သမာဓိဂုဏ် ကျင့်ကြံအားထုတ်တော်မူခဲ့သော တရားဘာဝနာ မေတ္တာဓာတ်အသွယ်သွယ်တို့က အမိမဲ့သား
ရေနည်ငါးလို အာစရိယဂုဏ် အဖြာဖြာကို တသစရာ ဖြစ်စေပါတော့တယ်။ ဘာကြောင့်ဆိုတော့ ဆရာတော်ဘုရားကြီးရဲ့
ရုပ်ကလာပ်ကို မီးရှို့တဲ့အခါ တံစူးဝါးနဲ့ထိုးခိုက် ပေါင်ကနေ သွေးများတသွင်သွင်ယိုစီးကျတာကို
မြင်ရခြင်းကြောင့်ဖြစ်ပါတယ်။ အဲဒီအချိန်က တံစူးဝါးထိုးသူမှာ ဦးဂေါ်ရာဖြစ်ပါတယ်။ တကယ်လို့သာ
“ ငါ ပြန်လွန်တော်မူရင် မီးမရှို့ကြနဲ့” ဆိုတဲ့ စကားကို တပည့်များက သတိထားခဲ့ပါက ဆရာတော်ပျံလွန်တော်မူသော်လည်း
မပုပ်မသိုးသော ရုပ်ခန္ဓာ ကို နှောင်းခေတ် ဗုဒ္ဓဘာသာဝင်တို့ အတုယူစရာ ဖြစ်လာနိုင်ပါတယ်။
ဆရာတော်ကြီး ရဲ့ သီလဂုဏ်၊သမာဓိဂုဏ်၊ပညာဂုဏ် တို့ကို အောက်မေ့အမှတ်ရစေဖို့ ဆရာတော်ကြီး
ရဲ့ အရိုးပြာတို့ကို ဌာပနာပြီး လုံးခင်းရွာ ဘေလီတံတား တောင်ဖက်ထိပ်၊ စစ်တပ်ကုန်း နဲ့
ကျောက်စိမ်းရုံး တို့အလယ် မှာ လွမ်းစေတီ အဖြစ်တည်ထား ကိုးကွယ်ခဲ့ပါတယ်။

Author Box
Hi, We are templateify, we create best and free blogger templates for you all i hope you will like this lightly template we have put lot of effort on this template, Cheers, Follow us on: Facebook & Twitter
0 comments:
Post a Comment